Wednesday, December 19, 2012

ထားဝယ်-ပူနန်ရွန် ကားလမ်းဖောက်လုပ်ရာတွင် ပါဝင်ခဲ့သည့် မြေယာများအနက် ဧက ၃၀၀ ကျော်အတွက် ကျပ်သိန်း ၄၀၀၀၀ ကျော် ITD ကုမ္ပဏီမှ ပေးလျော်

ထားဝယ်ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့ ဖောက်လုပ်ထားသော နဘုလယ်ရွာအနီးရှိ လမ်းပိုင်းတစ်နေရာကို တွေ့ရစဉ်
 တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ် ဒေသ၌ တည်ဆောက်လျက်ရှိသော ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင် ပူနန်ရွန်သို့ ဆက်သွယ်မည့် ကားလမ်းမဖောက်လုပ်ရာတွင် ပါဝင်ခဲ့သည့် ဒေသခံများအနက် ကျန်ရှိသည့် အယောက် ၅၀ ၏ မြေယာများအတွက် ဒီဇင်ဘာလ ၉ ရက်နေ့တွင် လျော်ကြေးငွေများကို စီမံကိန်း အကောင်အထည် ဖော်လျက်ရှိသည့် ITD (Ita lian-Thai Development Public Co.,Ltd) မှ စတင်ပေးအပ်ခဲ့ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်ဆွေက ပြောကြားသည်။

အရှည် ၁၅၀ ကီလိုမီတာရှိသော အဆိုပါ ကားလမ်းမဖောက်လုပ်ရာတွင် ပါဝင်သည့် ဒေသခံများ၏ ဥယျဉ်ခြံမြေများမှ ပါဝင်သော အပင်အမျိုးအစားကို လိုက်၍ လျော်ကြေးငွေများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

''ဒီထားဝယ်-ပူနန်ရွန် ကားလမ်းပေါ်မှာတော့ အရင်က ပေးပြီးတဲ့သူတွေ ရှိခဲ့ပါတယ်။ အခုက ကျန်နေ တဲ့ ပိုင်ရှင် ၅၀ကို ပေးတာပါ။ ဒီလ ၉ ရက်နေ့က ဧက ၃၀၀ကျော်အတွက် ကျပ်သိန်းပေါင်း ၄၀၀၀၀ ကျော် လျော်ကြေးပေးခဲ့ပါတယ်။စီမံကိန်းဧရိယာအတွင်းက ခြံတွေကိုလည်း ဆက်ပြီး လျော်ကြေးပေးသွားဦးမှာပါ။ လျော် ပေးတဲ့ စနစ်ကတော့ အပင်လိုက် လျော်တာဖြစ်ပါတယ်။မြန်မာ့ဘဏ်ထဲကိုလည်း လျော်ကြေးငွေပေးဖို့အတွက် ကျပ် ၂၆ဘီလျံ ရရှိနေပြီဖြစ်ပါတယ်။ နောက်ထပ်လျော်ကြေးပေးဖို့ ကျန်သေးတဲ့လူတွေကိုလည်း ဆက်ပြီး လျော်ပေးသွားဖို့ရှိပါတယ်''ဟု ဦးတင်မောင်ဆွေက ပြောကြားခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံထားဝယ်ခရိုင်နှင့် ထိုင်းနိုင်ငံ ကန်ချနာဘူရီ ခရိုင်သို့ ဆက်သွယ်ဖောက်လုပ်မည့် ၁၇၀ ကီလိုမီတာရှိသော ကားလမ်းမပေါ်မှ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်း-မြန်မာနယ်စပ် ထီးခီး အထိ ၁၅၀ ကီလိုမီတာအတွင်း ပါဝင်သော ဒေသခံများ၏ ခြံမြေများအပေါ် လျော်ကြေးငွေများ ပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းလမ်းမကြီး ဖောက်လုပ်ရာတွင် ရှစ်လမ်းသွား လမ်းမကြီးအပြင် ရထားလမ်း၊ ဓာတ်အားလိုင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများအပြင် နယ်စပ်ကုန်သွယ်ရေးဇုန်တစ်ခုလည်း ပါဝင်မည်ဖြစ်ကြောင်း စီမံကိန်းဆိုင်ရာ အချက်အလက်များအရ သိရှိရသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို ယခင်အစိုးရ လက်ထက် ၂၀၀၈ ခုနှစ်က နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် သဘောတူစာချုပ်ချုပ်ဆိုကာ  ၇၅ နှစ် လုပ်ကိုင်ခွင့်ရရှိထားကြောင်း သိရသည်။ 

စီမံကိန်းဧရိယာ ၂၅၀ စတုရန်းကီလိုမီတာရှိသော ၎င်းစီမံကိန်းအတွက် ထားဝယ်ခရိုင်အတွင်းမှ ကျေးရွာ ၁၅ ရွာ၊ အိမ်ခြေ ၄၁၇၃ လုံး ရွှေ့ပြောင်းပေးရမည်ဖြစ်ပြီး ဒေသခံများ၏ နေအိမ်များကို မူလအရွယ်အစား ကိုလိုက်၍ ပြန်လည် တည်ဆောက်ပေးသွားမည်ဖြစ်ကာ ဥယျဉ်ခြံမြေများအတွက် လျော်ကြေးငွေပေးချေ ရန်ကိုမူ ပြီးခဲ့ သော ဇွန်လ ၁၆ ရက်နေ့က ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ ဒေသခံ ကျေးရွာများမှ သမာဓိလူကြီးများ ပါဝင်သောအဖွဲ့နှင့် ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးတို့မှ ညှိနှိုင်းသတ်မှတ်ပေးခဲ့သော လျော်ကြေးငွေနှုန်းထားအတိုင်း ပေးချေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စီမံကိန်းအထာက်အကူပြု အဖွဲ့မှ ယခင်က ဒေသခံပြည်သူများဆီသို့ လျော်ကြေးငွေနှင့် ပတ်သက်၍ အဆိုပြုလွှာများ ရေးသားကာတင်ပြခိုင်းခဲ့ပြီး လျော်ကြေးငွေပေးချေခဲ့ရာ ဒေသခံအများစုမှာ ရသင့်ရထိုက်သော လျော်ကြေးငွေများမရရှိခဲ့ဘဲ နစ်နာမှုများရှိခဲ့သဖြင့် ထိုအချိန်က နစ်နာခဲ့သူများကို ယခုပေးချေသော ဈေးနှုန်းအတိုင်း ပြန်လည် ပြင်ဆင်သတ်မှတ်၍   လျော်ကြေးငွေများ ပေးအပ်သင့်ကြောင်း ဒေသခံများဆီမှ စုံစမ်းသိရှိရသည်။