Monday, May 16, 2011

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှ ဘွဲ့ရဦးရေ ထောင်ကျော် မွေးထုတ်ပေးခဲ့ပြီး ပင်လယ်ကူး သင်္ဘောသားအဖြစ် အသက်မွေးမှုအပြင် နိုင်ငံ၌ဆိပ်ကမ်းနှင့် သက်ဆိုင်သော အလုပ်အကိုင်များလည်း ရှိလာမည်

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှ ဘွဲ့ရဦးရေထောင်ကျော် မွေးထုတ်ပေးခဲ့ပြီးဖြစ်ရာ အမျိုးသားများအတွက် သင်္ဘောသားအဖြစ် အသက်မွေးမှုအပြင် အမျိုးသမီး၊ အမျိုးသား လူငယ်များအတွက်လည်း သင်္ဘောကျင်းနှင့် သင်္ဘောပြုပြင် ထိန်းသိမ်းခြင်း ကဏ္ဍများအပြင် ဆိပ်ကမ်းတည်နေရာများ၌ပါ အလုပ်အကိုင် အခွင့်အလမ်းများ ရှိလာမည် ဖြစ်သည်ဟု မြန်မာနိုင်ငံရေကြောင်း ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူအချို့ က သုံးသပ်ကြပါသည်။
ရေကြောင်းပညာ တက္ကသိုလ်မှ ကျောင်းသားများ သရုပ်ပြပွဲမြင်ကွင်း


ယခုအခါ အရှေ့တောင်အာရှ နိုင်ငံများထဲ၌ အထူးစီးပွားရေးဇုန် နှင့် တန်ချိန် သိန်းဂဏန်းမျှရှိသော ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်လာနိုင်တော့မည့် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းခွင် ရှိလာပြီဖြစ်ရာ ယင်းတို့တွင် လုပ်ကိုင်နိုင်မည့် ရေကြောင်းပညာရပ်၊ သင်္ဘောဆိုင်ရာ ပညာရပ်နှင့် ဆိပ်ကမ်းပညာရပ်များ ကျွမ်းကျင်သော အရည်အချင်းရှိ လူငယ်များ များစွာ လိုအပ်လာမည် ဖြစ်သည်ဟု မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခဌာနမှူး ဦးခင်မောင်တင်က ပြောပြခဲ့ပါသည်။

“ရေကြောင်းပညာ တက္ကသိုလ် က ဘွဲ့ရ ယောက်ျားလေး ဦးရေထဲမှာ အများစုက သင်္ဘောလိုက်မယ်။ သင်္ဘောလိုက်ရင် ဒေါ်လာနဲ့ရတော့ လစာကောင်းကြတယ်။ တချို့ကျတော့လည်း ပြည်ပနိုင်ငံအသီးသီးမှာ ရေကြောင်းပြုပြင် ထိန်းသိမ်းနည်း၊ သင်္ဘောဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အလုပ်ခွင်ဝင်ကြတယ်။ ဘာပဲ ဖြစ်ဖြစ် အခု ထားဝယ်ရေနက်ဆိပ်ကမ်း ရှိလာမယ်ဆိုရင် သူတို့တွေ သင်္ဘောလိုက်လို့ရနေတဲ့ လစာကိုကာမိစေတဲ့ အခြေအနေမျိုးကို ဒီပတ်ဝန်းကျင်က ကာမိစေတယ်ဆိုရင်တော့ သူတို့လည်း လုပ်ငန်းခွင်ထဲကို ၀င်လာကြမှာပါ”ဟု ဆရာက ဆက်လက်ပြောကြားခဲ့ပါသည်။

“နိုင်ငံမှာ ဒီဆိပ်ကမ်းပညာရပ်၊ စီမံခန့်ခွဲမှု အတတ်ပညာ တတ်ကျွမ်းသူက အရေအတွက်အားဖြင့် နည်းနေ ပါသေးတယ်။ ဒီနေရာမှာ ၀ါရင့် သင်္ဘောသားကြီးတွေနဲ့ တခြားရေကြောင်းပညာက လူငယ်တွေကိုသာ အလုပ်အကိုင်ပေးနိုင်မယ့် ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရင် ကိုယ့်အလုပ်အကိုင်နေရာမှာ ဘယ်နိုင်ငံသားမှ အစားထိုး ၀င်လာဖို့ရှိလာမှာ မဟုတ်ပါဘူး”ဟု ဆရာဦးကျော်မျိုးဝင်း ကဆိုပါသည်။

မြန်မာနိုင်ငံ၌ ရေကြောင်းပညာ တက္ကသိုလ်အား ၂၀၀၂ ခုနှစ် ဇွန်လ တွင် စတင် တည်ထောင်ခဲ့ကြောင်း သိရှိရသည်။


source: http://www.weeklyeleven.com/index.php?option=com_content&view=article&id=8464:2011-05-16-04-59-52&catid=42:2009-11-10-07-36-59&Itemid=112