Monday, June 13, 2011

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာရှိ ရွာများကို လျော်ကြေးပေးရန် မြေတိုင်းတာ

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း အနီးတစ်ဝိုက်ရှိ စီမံကိန်း ဧရိယာ အတွင်း ပါဝင်လျက် ရှိသော မြေများကို လျော်ကြေးများပေးနိုင်ရန် အတွက် မြေတိုင်းတာမှုများ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။
မြေတိုင်းတာမှုတွင် ပါဝင်သော ကျေးရွာတစ်ရွာ မြင်ကွင်းကို ဇွန်လဆန်းပိုင်းက တွေ့ရစဉ်

မြေပိုင်ရှင်များကို အဆိုပါ စီမံကိန်းနှင့် ပတ်သက်သော တာဝန်ရှိသူများ ရောက်ရှိလာပြီး လမ်းကြောင်း ဖောက်လုပ်ရာတွင် ပါဝင်ခဲ့သော မြေပိုင်ရှင်များထံသို့ လျော်ကြေးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

''အဲဒီတုန်းက ကျွန်မတို့ရွာကို လျော်ကြေးပေးဖို့ အတွက် မြေတိုင်းတာမှုတွေ မလုပ်သေးပါဘူး။ ကျွန်မတို့ကလည်း လျော်ကြေးပေးပြီးမှ စီမံကိန်း စလုပ်မယ် ထင်တော့ ဘာမှ မပြောပါဘူး။ အဲဒါနဲ့ လမ်းဖောက်ဖို့ အတွက် မြေရှင်းတဲ့အခါမှာ ကျွန်မတို့ခြံ ပါသွားတယ်လို့ ကြားတော့ ချက်ချင်း သွားကြည့်တော့ မြေက တစ်ဧကလောက် ပါသွားပြီ။ ဒါနဲ့ ကျွန်မလည်း ရွာလူကြီးကနေတစ်ဆင့် သက်ဆိုင်ရာကို တိုင်ကြားခဲ့ပါတယ်။ သက်ဆိုင်ရာက တာဝန်ရှိသူတွေ ရောက်လာပြီး ပါသွားတဲ့ ခြံတွေက သီဟိုဠ်ပင်တွေကို စစ်ဆေးရေတွက်ပြီး အသီးမသီးသေးတဲ့ အပင်တစ်ပင်ကို ကျပ် ၃၅၀၀၀၊ စသီးနေတဲ့အပင်ကို ကျပ် ၄၅၀၀၀ နှုန်း လျော်ကြေးပေးခဲ့ပါတယ်။ ကျွန်မတို့ခြံမှာ ပါသွားတဲ့ သီဟိုဠ် ၃၅ ပင် အတွက် လျော်ကြေးငွေ ကျပ် ၁၀ သိန်း ငါးသောင်း ရရှိခဲ့ပါတယ်။ ကျွန်မလိုပဲ ပါသွားတဲ့ ခြံပိုင်ရှင် ငါးဦးလည်း အဲဒီနှုန်းအတိုင်း ရရှိခဲ့ပါတယ်။ အခုတော့ ဒီစီမံကိန်း ဧရိယာမှာ ပါနေတဲ့ ရွာတွေကို လျော်ကြေးပေးဖို့ အတွက် တာဝန်ရှိသူတွေလာပြီး မြေတိုင်းတာမှုတွေ စပြီး လုပ်နေပါတယ်။ လျော်ကြေးကတော့ ဘယ်လောက်ပေးမလဲ မသိဘူး''ဟု ထိန်ကြီးရွာမှ လျော်ကြေးငွေ ရရှိခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။

''မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေ အခန်း(၇)၊ ပုဒ်မ(၃၆)အရ ဗဟို အဖွဲ့တွေက အထူးစီးပွားရေးဇုန် တည်ထောင်ဖို့ ခွင့်ပြုထားတဲ့ မြေပေါ်မှာ လူနေအိမ်၊ လယ်ဥယျာဉ်ခြံမြေ သီးပင် စားပင်နဲ့ စိုက်ခင်းတွေ ရှိနေရင် အဲဒါ အတွက် ပြောင်းရွှေ့ နေရာချထားတာ လျော်ကြေးပေးတာတွေ လုပ်ပေးရမယ်လို့ သတ်မှတ်ထားတာရှိပါတယ်။သက်ဆိုင်ရာကနေ သိသင့်သိထိုက်တဲ့ အကြောင်းအရာလေးတွေ ပြောပြပေးတာ လုပ်ပေးသင့်သလို တစ်ဖက်ကလည်း လျော်ကြေးငွေ အပြည့်အ၀ရရှိအောင် ဆောင်ရွက် ပေးတာမျိုးတွေကို လုပ်ပေးသင့်ပါတယ်'' အဆိုပါ စီမံကိန်း အကြောင်း လေ့လာနေသူတစ်ဦးက ပြောကြားခဲ့သည်။

source: http://www.weeklyeleven.com/index.php?option=com_content&view=article&id=8892:2011-06-12-20-34-06&catid=45:2009-11-10-07-45-41&Itemid=113