Tuesday, June 14, 2011

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာရှိ ဒေသခံအချို့အား ပြောင်းရွှေ့နေရာချထားပေးမည်

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာရှိ ဒေသခံအချို့ကို ပြောင်းရွှေ့နေရာ ချထားပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာအထူးစီးပွားရေးဇုန် ဥပဒေတွင် ‘ဗဟိုအဖွဲ့က ခွင့်ပြုထားသည့်မြေပေါ်တွင် လူနေအိမ်ခြေများ၊ အဆောက်အအုံများ၊ လယ်ယာ ဥယျာဉ်ခြံမြေများ၊ သီးပင်စားပင်များ၊ စိုက်ခင်းများစသည်တို့ကို ပြောင်းရွှေ့ ရှင်းလင်းပေးရန်ရှိပါက ယင်းတို့ အား ပြောင်းရွှေ့နေရာချထားခြင်းနှင့် လျော်ကြေးပေးခြင်းတို့အတွက် ကုန် ကျစရိတ်များကို ရင်းနှီးတည်ဆောက် သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူက ကျခံရမည်။ ထို့ပြင် ပြောင်းရွှေ့ရသူ များအတွက် မူလအဆင့်အတန်း ထက် မနိမ့်ကျစေရန်နှင့် ယင်းတို့၏ အခြေခံလိုအပ်ချက်များ ပြည့်စုံစေရန် ဆောင်ရွက်ပေးရမည်။ သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသည်အဆိုပါလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး အတွက်လိုအပ်သလို ညှိနှိုင်းဆောင်ရွက် ပေးမည်။” ဟု ဖော်ပြထားသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နယ်မြေနှင့် ထိုင်းနိုင်ငံသို့ မော်တော်ကားလမ်းနှင့် ရထားလမ်းများ ဆက်သွယ်တည်ဆောက်ရေး ဆိုင်ရာစီမံကိန်းများအတွက် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံ တာဝန်ရှိသူများ ကြား မူဘောင်သဘောတူ စာချုပ် လက်မှတ်ရေးထိုးမှုများကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၂ ရက်နေ့က ပြုလုပ်ခဲ့ပြီး အဆိုပါစီမံကိန်းများကို နှစ် ၆၀ B.O.T (တည်ဆောက်၊ မောင်းနှင်၊ လွှဲပြောင်း) စနစ်ဖြင့် အကောင်အထည်ဖော်ခြင်းဖြစ်ပြီး သဘောတူညီမှုများ မူတည်၍ သက်တမ်းတိုးနိုင်ခြေရှိကြောင်း သိရသည်။

အဆိုပါစီမံကိန်းတွင် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်း၊ သင်္ဘောတည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် အဆောက်အအုံများ တည်ဆောက်ခြင်း၊ စက်မှုဇုန် နယ်မြေများ တည်ဆောက်ခြင်း၊ ရေနံဓာတုဆိုင်ရာ စက်မှုလုပ်ငန်းများ ထူထောင်ခြင်း၊ ရေနံချက်စက်ရုံ တည်ဆောက်ခြင်း၊ သံမဏိစက်ရုံ တည်ဆောက်ခြင်း၊ လျှပ်စစ်စက်ရုံ များတည်ဆောက်ခြင်း၊ ထားဝယ်-ဘန်ကောက် ကားလမ်းနှင့် ရထားလမ်းဖောက်လုပ်ခြင်းနှင့် ကားလမ်း နှင့် ရထားလမ်းတစ်လျှောက် ရေနံ ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းသို့ ထိုင်းနိုင်ငံမှ ဆက်သွယ်ဖောက်လုပ်ထားသည့် မြေသားလမ်းမှာ ထားဝယ် ခရိုင် မေတ္တာမြို့နယ်ခွဲ ကျောက်မဲတောင်ကျေးရွာအထိ ဖောက်လုပ်ပြီး စီးပြီဖြစ်ကြောင်း၊ အဆိုပါကျေးရွာမှာ ထားဝယ်မြို့မှ အရှေ့ဘက်မိုင် ၃၀ ခန့်အကွာတွင် တည်ရှိကြောင်း၊ အဆိုပါလမ်းကို ထိုင်းနိုင်ငံဘက်မှ စတင်ဖောက်လုပ် လာခြင်းဖြစ်ပြီး ထားဝယ်မြို့၏ တစ်ခုတည်းသော နယ်စပ်ထွက်ပေါက်ဖြစ်သည့် မေတ္တာမြို့နယ်ခွဲကို ဖြတ်သန်းဖောက်လုပ်ထားခြင်းဖြစ်ကြောင်းနှင့် အဆိုပါ လမ်းနှင့်အတူ ရထားလမ်းနှင့် ရေနံ ပိုက်လိုင်းပါ ဖောက်လုပ်၊ သွယ်တန်း သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းများကို လုပ်ပိုင်ခွင့် ရ ရှိခဲ့သည့် Itlian Thai Development Public Co.,Ltd သည် စီမံကိန်းများ  အကောင်အထည်ဖော်ရန်အတွက် သင့်တော်သည့် စီးပွားဖက်များကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း၊ စီမံကိန်းများကို ဆောင်ရွက်ရာတွင် စီမံကိန်းတစ်ခုချင်းစီ၏ အသေးစိတ် အချက်အလက်များကို အခြေခံပြီး အဆင့်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းများကို အဆင့် သုံးဆင့် ခွဲခြားထားပြီး ၁၀နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ထို့ပြင်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းတွင် တောင်ပိုင်းဆိပ်ကမ်းနှင့် မြောက်ပိုင်း ဆိပ်ကမ်းနှစ်ခုရှိပြီး ဆိပ်ခံတံတား ၂၂ ခုတွင် တန်ချိန် ၂၀၀၀၀ မှ ၅၀၀၀၀ ရှိ သင်္ဘောစင်းရေ ၂၅ စင်း တစ်ပြိုင်တည်း ဆိုက်ကပ်နိုင်ကာ တစ်နှစ်လျှင် ကုန်စည်မက်ထရစ် တန်သန်း ၁၀၀ ခန့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါစီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ရှစ် ဘီလျံမျှ ကုန်ကျနိုင်သည်ဟု ခန့်မှန်းထားသည်။

source: http://www.weeklyeleven.com/index.php?option=com_content&view=article&id=8931:2011-06-15-09-52-24&catid=45:2009-11-10-07-45-41&Itemid=113