Sunday, July 10, 2011

ထားဝယ် ရေနက်ဆိပ်ကမ်း၊ ကုလားတန်မြစ်ကြောင်းနှင့် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများ အပါအ၀င် စီမံကိန်းကြီးများတွင် အဓမ္မခိုင်းစေမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် သက်ဆိုင်ရာသို့ ကမ်းလှမ်းထား

ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းခွင် တစ်နေရာကို ဇွန်လ အတွင်းက တွေ့ရစဉ်
ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်း၊ ကုလားတန်မြစ်ကြောင်း စီမံကိန်း၊ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများ အပါအ၀င် စီမံကိန်းကြီးများတွင် အဓမ္မခိုင်းစေမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် သက်ဆိုင်ရာသို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့က ကမ်းလှမ်းထားကြောင်း ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံးမှ သတင်း ရရှိသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့သည် မြန်မာနိုင်ငံတွင် တည်ဆောက် အကောင်အထည် ဖော်ခဲ့သည့် တိုတယ်ပိုက်လိုင်း စီမံကိန်းတွင် အဓမ္မခိုင်းစေမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ ပြု လုပ်ခဲ့ကြောင်း၊ ၎င်းသည် နမူနာ ကောင်းတစ်ခု ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် တည်ဆောက် အကောင်အထည်ဖော်လျက် ရှိသော အဓိကစီမံကိန်းကြီးများတွင် ပါဝင်သည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ကုလားတန်မြစ်ကြောင်း စီမံကိန်း၊ မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း စသည့် စီမံကိန်းများ အပါအ၀င် စီမံကိန်းကြီးများတွင် အဓမ္မခိုင်းစေမှု ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ များပြုလုပ်နိုင်ရန် သက်ဆိုင်ရာသို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ကကမ်းလှမ်းထားကြောင်း ရန်ကုန် မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ရုံးမှ ဆက်သွယ်ညှိနှိုင်းရေး အရာရှိစတိ(ဖ်)မာရှယ်(လ်)က ဇူလိုင်လ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

စီမံကိန်းနှင့် သက်ဆိုင်သည့် တာဝန်ရှိသူများ၊ ပတ်ဝန်းကျင်ရှိ ရပ်ရွာအသိုင်းအ၀ိုင်းနှင့် ဒေသအာဏာ ပိုင်များအတွက် အဓမ္မခိုင်းစေမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ပေးနိုင်ရန် သက်ဆိုင်ရာအား အဆိုပြုထားခြင်းဖြစ်ကြောင်း သိရသည်။

အဓမ္မခိုင်းစေမှု ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ထိုသူ ၏ သဘောဆန္ဒနှင့် ဆန့်ကျင်လျက် ထိုသူ လိုက်နာခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက ပြစ်ဒဏ် တစ်စုံတစ်ရာ ပေးခြင်းခံရလိမ့်မည် ဆိုသော ခြိမ်းခြောက်မှုအောက်တွင် ခိုင်းစေခြင်းခံရသော မည်သည့်အလုပ်မျိုးကို မဆိုဆိုလိုကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ရုံးသည် အဓမ္မခိုင်းစေမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးတို့တွင် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Source: http://www.news-eleven.com/index.php?option=com_content&view=article&id=9293:2011-07-10-09-59-06&catid=42:2009-11-10-07-36-59&Itemid=112