Monday, July 25, 2011

ထားဝယ်ရေနက်ဆိပ်ကမ်း ဧရိယာ အတွင်းရှိ ခြံမြေများ အတွက် လျော်ကြေး ပေးအပ်နိုင်ရန် အပင်များကို သက်ဆိုင်ရာမှ ရေတွက်လျက်ရှိရာ ခြံပိုင်ရှင်များက တောရှင်း ဆောင်ရွက်ပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီးတွင် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာအတွင်း ပါဝင်လျက် ရှိသည့် ရော်ဘာခြံနှင့် ဥယျာဉ်ခြံ ပိုင်ရှင်များထံသို့ လျော်ကြေးငွေများ ပေးအပ်နိုင်ရန် အတွက် အပင် အမျိုးအစားနှင့် အရေအတွက်ကို တာဝန်ရှိသူများက လိုက်လံ ရေတွက်လျက် ရှိကြောင်း သိရသည်။ ခြံပိုင်ရှင်များ အနေဖြင့်လည်း မိမိခြံအတွင်းရှိ ရော်ဘာနှင့် အခြား နှစ်ရှည်ပင်များကို ပိုမို တိကျစွာ မှတ်တမ်းတင်နိုင်ရေး အတွက် ခြံအတွင်းရှိ ချုံပုတ်နှင့်နွယ်ပင်များကို တောရှင်း ခုတ်ပစ်ခြင်းများ ပြုလုပ်လာကြကြောင်း သိရသည်။

''ရေနက်ဆိပ်ကမ်းနဲ့ ရပ်ကွက် တာဝန်ရှိသူတွေက လျော်ကြေးငွေပေးဖို့ အတွက် ခြံအတွင်းမှာရှိတဲ့ အပင် အရေအတွက်ကို လိုက်မှတ်နေပါတယ်။ ခြံထဲမှာ ချုံတွေများနေရင် သူတို့ မမြင်ဘဲ ကိုယ့်ခြံထဲမှာရှိတဲ့ အပင် အရေအတွက် အားလုံးပြည့်အောင် မမှတ်နိုင်မှာစိုးလို့ ချုံတွေကို ရှင်းလင်းပြီး အပင်တွေကို မြင်သာအောင် ပြုလုပ်ထားပါတယ်။ လျော်ကြေးကတော့ ဘယ်လောက်ပေးမလဲ မသိသေးဘူး။ အပင်တွေရဲ့ သက်တမ်းနဲ့ အရေအတွက်ကိုပဲ မှတ်တမ်းယူနေပါတယ်။  ကိုယ့်ခြံထဲက သစ်ပင်တွေမကျန် ရအောင် လုပ်အားသုံးပြီး တောရှင်းလင်းမှုတွေ ပြုလုပ်နေကြပါတယ်''ဟု ရေနက်ဆိပ်ကမ်း ဧရိယာ အတွင်းရှိ ကျောက်ဝှက်ကုန်းရွာမှ ခြံပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။

တောရှင်းလင်းရာတွင် နေ့စား လုပ်သားများဖြင့် မြက်ရိတ်စက်များ အသုံးပြုကာ ရှင်းလင်းနေခြင်း ဖြစ်ပြီး တစ်နေ့လျှင် လုပ်သားတစ်ဦးကို ကျပ် ၁၀၀၀၀ ၀န်းကျင် အထိ ရရှိကြကြောင်း သိရသည်။

''တောထဲမှာ မြွေ၊ ကင်းနဲ့ မြက်ရိတ်စက်က လွင့်စင်လာတဲ့ သစ်ပိုင်းအစအနတွေရန်က ကာကွယ်ဖို့ တောစီး လည်ရှည်ဖိနပ်၊ ဘောင်းဘီရှည်နဲ့ အင်္ကျိလက်ရှည် တို့ကို ၀တ်ဆင်ထားရပါတယ်။  ခြံပိုင်ရှင်တွေက မြက်ရိတ်စက်တွေကို ငှားပေးပြီး ဆီလည်း ထည့်ပေးပါတယ်။ တစ်နေ့လုပ်ခ ကျပ် ၁၀၀၀၀ လောက်ရတော့ ကိုက်ပါတယ်။ ရေနက်ဆိပ်ကမ်းမှာ လုပ်တဲ့ နေ့စားတွေက တစ်ရက်ကို ကျပ် ၆၀၀၀ လောက်ပဲ ရတယ်လို့ ကြားတယ်''ဟု နေ့စားလုပ်သား တစ်ဦးက ပြောပါသည်။