Thursday, July 28, 2011

ထိုင်းကုန်သည်တချို့ တနင်္သာရီတိုင်း ဒေသကြီးရှိ နယ်စပ်ထွက်ပေါက်များကို စိတ်ဝင်စားမှု ရှိလာ

မြ၀တီ-ကော့ကရိတ် အဆင်းလမ်းကို ဇွန်လ အတွင်းက တွေ့ရစဉ်
ထိုင်းနိုင်ငံဘက်မှ ကုန်သည်တချို့ တနင်္သာရီတိုင်း ဒေသကြီးရှိ နယ်စပ် ထွက်ပေါက်များကို စိတ်ဝင်စားလာကြောင်း ထိုင်းနိုင်ငံ ကုန်သည်များထံမှ သိရှိရသည်။

''ပြီးခဲ့တဲ့အပတ်က ထိုင်းလုပ်ငန်းရှင်တွေ မြိတ်-ထားဝယ်ဘက်ကို ရောက်လာပြီး ဒီက လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးခဲ့တယ်။ သူတို့ဆီက ထုတ်ကုန်တွေ တင်ပို့ချင်တဲ့ကိစ္စတွေ အပြင် ကုန်သွယ်မှုတွေ၊ မြိတ်၊ ထားဝယ်ဘက်မှာ စက်ရုံတွေ ရင်းနှီးမြှုပ်နှံချင်တဲ့ကိစ္စတွေ ပါတယ်။ ပြီးတော့ သူတို့ အထူးစိတ်ဝင်စားတဲ့ အချက်က မော့တောင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပါ။ အဲဒီ နယ်စပ်ထွက်ပေါက်ကို ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ပြီး ကုန်သွယ်မှုတွေ လုပ်ချင်တာပါ။ တနင်္သာရီတိုင်း ဒေသကြီးဘက်မှာက လက်ရှိ ရေလမ်းခရီးနှင့်ပဲ ကုန်သွယ်မှုတွေ လုပ်နေသေးပြီး ကုန်းလမ်းခရီးမှာတော့ မရှိသေးပါဘူး။ ကျွန်တော်တို့ဆီမှာ ရေလမ်းရော၊ ကုန်းလမ်းပါ လုပ်နိုင်တဲ့ အနေထားတွေ ရှိတဲ့အတွက် တခြား ဒေသများနဲ့ စာရင်တော့ အားသာချက်တွေ ရှိနေပါတယ်''ဟု မြိတ်မြို့မှ ရေလုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။

မြ၀တီ ကုန်သွယ်ရေး ရပ်နားထားပြီး နောက်ပိုင်းတွင် ရေထွက်ပစ္စည်း တချို့မှာ မြိတ်ဘက်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးဖြင့် တင်ပို့လာနေရကြောင်း သိရသည်။ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အနေဖြင့် ယခု လက်ရှိတွင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးစခန်း လေးခု ဖွင့်လှစ်ထားရှိပြီး တာချီလိတ်နယ်စပ် ကုန်သွယ်မှုစခန်း (၁၉၉၆ ဧပြီလ ၁၆)၊ ကော့သောင်း နယ်စပ်ကုန်သွယ်မှု စခန်း (၁၉၉၆ ဇွန်လ ၁)၊ မြ၀တီ နယ်စပ်ကုန်သွယ်မှု စခန်း(၁၉၉၈ စက်တင်ဘာလ ၁၆)၊ မြိတ် နယ်စပ်ကုန်သွယ်မှု စခန်း (၁၉၉၉ ဇူလိုင်လ ၁)တို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ စခန်းများ အပြင် နယ်စပ်ထွက်ပေါက်များ အနေဖြင့် ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် မေတ္တာနယ်စပ်နှင့် မော့တောင်နယ်စပ်များမှာ အရေး ပါလာနိုင်ကြောင်း သိရသည်။

''ယခုလက်ရှိ မော့တောင်ကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကနေ ဖောက်လုပ်နေတယ်။ မော့တောင်မှာလည်း ဒေသခံတွေရဲ့ တစ်နိုင်တစ်ပိုင် ရောင်းချတဲ့ စနေဈေးလေးလောက်ကိုပဲ အားကိုးနေရတယ်။ လမ်းပန်း လုံခြုံမှု ကောင်းရင်တော့ ဒီနေရာတွေက နေ့ချင်း ရောက်နိုင်တဲ့ နေရာတွေပါ''ဟု ကုန်သည်တစ်ဦးက ပြောကြားသည်။

မြိတ်မှ မော့တောင်နယ်စပ်သို့ ခရီးမှာ မိုင် ၁၂၀ ကျော် ရှိပြီး တနင်္သာရီမှ မိုင် ၇၀ ကျော်ရှိကာ လမ်းမကြီးများကို အဆင့်မီ ဖောက်လုပ်ပြီးပါက မြိတ်မှမော့တောင်သို့ နာရီပိုင်း အတွင်း ခရီးပေါက်နိုင်ကြောင်း၊ ထားဝယ်မြို့ရှိ
မေတ္တာလမ်းမှာ ထိုင်းနိုင်ငံ ကန်ချနာဘူရီနှင့်နီးပြီး မြိတ်မြို့ရှိ မော့တောင်လမ်းမှာ ထိုင်းနိုင်ငံရှိ ပရာချွတ်ကရိခံနှင့် နီးကြောင်း သိရသည်။