Tuesday, August 23, 2011

ထားဝယ်ရေနက် ဆိပ်ကမ်းကိုအမှီပြု၍ ထားဝယ်လေဆိပ်မှ ပြည်တွင်း၊ ပြည်ပခရီးစဉ်များ ပြေးဆွဲမည့် တနင်္သာရီအမည်ရှိ ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ် တစ်ခုပေါ်ပေါက်လာရန်ရှိ

ထားဝယ်ရေနက် ဆိပ်ကမ်းကို အမှီပြု၍ ထားဝယ်လေဆိပ်မှ ပြည်တွင်း၊ ပြည်ပခရီးစဉ်များ ပြေးဆွဲမည့် တနင်္သာရီအမည်ရှိ ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ်တစ်ခု ပေါ်ပေါက် လာရန်ရှိကြောင်း လေကြောင်းလိုင်း အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။

ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံး ရေနက်ဆိပ်ကမ်းတစ်ခု ဖြစ်လာမည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် အဆိုပါစီမံကိန်းတွင် ပါဝင် တည်ဆောက်မည့် နည်းပညာရှင်များ နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ လာရောက်မှု များပြားလျက်ရှိကြောင်း သိရသည်။ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအရ မြန်မာနိုင်ငံသို့လာရောက်ရာတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှတစ်ဆင့် ရန်ကုန်သို့ လေကြောင်းဖြင့် ဦးစွာလာရောက်ရပြီး ထိုမှ ထားဝယ်မြို့သို့ ပြန်လည်သွားရောက်ရသည်။ ထိုသို့ ခရီးစဉ်အဆင့်ဆင့်ဖြင့် အချိန်ယူ သွားရောက်ရခြင်းမှ ပြေလည်စေရန်နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ အတွက် ထားဝယ်လေဆိပ်မှ ပြည်တွင်း၊ ပြည်ပပုံမှန်လေကြောင်း ခရီးစဉ်များကို ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ် တစ်ခု တည်ထောင်ပြေးဆွဲသွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

“ဘန်ကောက်ကနေ ရန်ကုန်ကို အများဆုံး တစ်နာရီဝန်းကျင်ကြာတယ်၊ ရန်ကုန်နဲ့ ထားဝယ်နဲ့က တစ်နာရီခွဲ ၀န်းကျင်လောက် ကြာတယ်။ ထားဝယ် flight က နေ့တိုင်းရှိတာ မဟုတ်ဘူး။ ထားဝယ်-ဘန်ကောက် ခရီးစဉ်သာ ဆွဲနိုင်မယ်ဆိုရင် အရမ်း အဆင်ပြေမယ်။ ပြီးတော့ ထားဝယ် နဲ့ ကပ်နေတာက ထိုင်းနိုင်ငံရဲ့ ဟွာဟင်းလေဆိပ်ပဲ။ ထားဝယ်နဲ့ဟွာဟင်းဆိုရင် တစ်နေ့ကို ခရီးစဉ် ၈ ခေါက်လောက် ပုံမှန်ဆွဲနိုင်တဲ့ အနေအထား ရှိတယ်။ အခုလို ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်စဉ် ကာလအတွက်ရော၊ ရေနက်ဆိပ်ကမ်း ပြီးသွားချိန်မှာရော လေကြောင်းကဏ္ဍဟာ အရေးပါတဲ့ ကဏ္ဍတစ်ရပ် အဖြစ် ပါဝင်နေပါတယ်”ဟု ၀ါရင့် လေယာဉ်မှူးကြီးတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

ထားဝယ်လေဆိပ်မှ ပြည်တွင်း၊ ပြည်ပခရီးစဉ်များ ပြေးဆွဲရန်ရှိသည့် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ် အမည်ကို တနင်္သာရီလေကြောင်း လိုင်းဟု အမည် လျာထားပေးထားမှု ရှိကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားပိုင် ပုဂ္ဂလိက လေကြောင်းလိုင်း သုံးခုရှိပြီး ၎င်းတို့မှာ Air Bagan ၊ Asian Wings  နှင့် Air KBZ တို့ဖြစ်သည်။

Source: http://www.news-eleven.com/index.php?option=com_content&view=article&id=9899:2011-08-24-10-08-00&catid=42:2009-11-10-07-36-59&Itemid=112