Monday, October 3, 2011

ရေနက်ဆိပ်ကမ်းများ ဆောက်လုပ်ခြင်းကြောင့် ဖြစ်လာနိုင်မည့် ပင်လယ်ပြင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိခိုက်နိုင်မှုများကို ကြိုတင် လေ့လာထားရန် လိုအပ်

 ရေနက်ဆိပ်ကမ်းများ ဆောက်လုပ်ခြင်းကြောင့် ဖြစ်လာနိုင်မည့် ပင်လယ်ပြင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိခိုက်မှုများကို ကြိုတင်လေ့လာထားရန် လိုအပ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ အမှုဆောင်ဒုတိယ ဥက္ကဋ္ဌဦးဟန်ထွန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိဆောက်လုပ်နေသည့် ရေနက်ဆိပ်ကမ်းများမှာ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ကျောက် ဖြူရေနက်ဆိပ်ကမ်းတို့ ဖြစ်ကြောင်း သိရသည်။

ရေနက်ဆိပ်ကမ်း ဆောက်လုပ်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို “အခု မြန်မာပြည်မှာ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေတဲ့နေရာမှာ ကျွန်တော်တို့နဲ့ ရေလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး ပြောရရင် ထားဝယ်မှာ ထားဝယ်ရေနက်ဆိပ်ကမ်း လုပ်နေတယ်။ ကျောက်ဖြူမှာလည်း ရေနက်ဆိပ်ကမ်း လုပ်နေတယ်။ ထားဝယ်ရေနက် ဆိပ်ကမ်းတည်ဆောက်မှုကို ပြန်ကြည့်မယ်ဆိုရင် ပင်လယ်ပြင်မှာ အတားအဆီးတွေချပြီး အထဲမှာ လှိုင်းလေမရှိ ငြိမ်သက်ပြီး သင်္ဘောတွေရပ်နား ကုန်ပစ္စည်းချနိုင်အောင် လုပ်မှာလို့ သိရပါတယ်။ အဲဒီလို လုပ်ရင် marine resources  နဲ့ ပတ်သက်ပြီး သန္တာကျောက်တန်းတို့ ပင်လယ်မြက်ခင်းပြင်တို့ မလွဲမသွေ ထိခိုက်မယ့်အနေအထား ရှိတယ်။ နောက်အဲဒီမှာ rochemical  စက်ရုံတွေ တည်ဆောက်မယ်။ တခြားဟာတွေ ဆောက်မယ်။ သင်္ဘောကျင်းတွေ တည်ဆောက်မယ်။ အဲဒီတည်ဆောက်မှုဟာ ပင်လယ်ပြင် ရေပြင်ကို ဘယ်လောက်ပဲ ထိန်းသိမ်း ထိန်းသိမ်း အနည်းနဲ့အများတော့ pollution ဖြစ်နိုင်ပြီး ရေနေသယံ ဇာတတချို့ ဆုံးရှုံးနိုင်တဲ့အခြေအနေ ရှိပါတယ်။ ဒါကြောင့် ပင်လယ်ပြင်ရဲ့ habitat တွေ၊ marine resources တွေ ဘယ်လို ကာကွယ်စောင့်ရှောက်မယ် ဆိုတာကို ကျွန်တော်တို့က ကြိုတင်လေ့လာပြီး survey  လုပ်သင့်တယ်လို့ ယူဆပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ရေနက်ဆိပ်ကမ်းများ ပေါ်ပေါက်လာပါက နိုင်ငံတကာမှ ပင်လယ်ကူး သင်္ဘောများ၊ ကုန်တင်သင်္ဘောများ ပိုမို ဆိုက်ကပ်လာနိုင်တော့မည် ဖြစ်သဖြင့် အဆိုပါသင်္ဘောများ မောင်းနှင်ရာတွင် တည်ငြိမ်မှုရှိရန်အတွက် အသုံးပြုသည့်   Ballast Water  တွင် ဒေသမျိုးစိတ်များ ပျက်စီးမျိုးသုဉ်းစေနိုင်သည့် နိုင်ငံခြား သတ္တ၀ါမျိုးစိတ်များ ပါဝင်လာနိုင်သောကြောင့် သတိပြုသင့်ကြောင်းလည်း သိရသည်။

“Ballast  ဆိုတာ သင်္ဘောမောင်းနှင်တဲ့ အခါမှာ တည်ငြိမ်အောင်၊ စိတ်ချရအောင် သင်္ဘောရဲ့ဝမ်းဗိုက်ထဲမှာ ၀မ်းစာအဖြစ် ထည့်ရတဲ့ ကျောက်ခဲ၊ သဲအိတ်၊ အရည်တွေကို ထည့်ပြီး မောင်းနှင်ရတဲ့အရာ ဖြစ်ပါတယ်။ ရှေးတုန်းက သစ်သားသင်္ဘောတွေမှာ ကျောက်ခဲ၊ သဲအိတ်တွေ ထည့်ပေမယ့် အခုတော့ ရေကိုပဲ  ballast tank ထဲမှာ ထည့်ကြပါတယ်။ ballast tank ထဲက ရေကို ballast  water  လို့ခေါ်တာ ဖြစ်ပါတယ်။ ဆိပ်ကမ်းတစ်ခုမှာ သင်္ဘောက ကုန်ချတဲ့အခါမှာ ballast tank ထဲကို ရေတွေအပြည့် ၀င်ရောက် ပါတယ်။  ပင်လယ်ရေနဲ့အတူ ပါလာတာက အဲဒီဆိပ်ကမ်းရဲ့ အနည်အနှစ် တွေ၊ အပင်တွေ၊ အကောင်တွေနဲ့ မျိုး စိတ်တွေ ပါလာမှာဖြစ်ပါတယ်။ အဲဒီ အကောင်တွေထဲမှာ ခရု၊ ကဏန်း၊ မျှော့ ၊ တီကောင်တွေ ပါလာမှာဖြစ်ပြီး သူတို့တွေဟာ ballast tank  ထဲမှာ ခရီးကြုံလိုက်ကြပါတယ်။ အဲဒီသင်္ဘော ဟာ နောက်ထပ် ဆိပ်ကမ်းတစ်ခုမှာ ကုန်တင်ရင် ကုန်တင်တာနဲ့အမျှ ထည့်လာတဲ့ ballast tank တွေကို စွန့်ပစ်ရမှာဖြစ်တဲ့အတွက် ခုနကပါလာတဲ့ နိုင်ငံခြားမျိုးစိတ်တွေ၊ အကောင်တွေ၊ အပင်တွေပါပါသွားမှာဖြစ်တယ်။ အဲဒီ နိုင်ငံခြားမျိုးစိတ်တွေဟာ အဲဒီဆိပ်ကမ်းက နေရင်းဒေသမျိုးစိတ်တွေနဲ့ မတူညီတဲ့အတွက် အဆိပ်တွေလွှတ် တာကိုက်ဖြတ်တာတွေလုပ်ပြီး အနှောင့်အယှက်ပေးပါတယ်။ အဲဒါတွေကို လူတွေကစားမိရင် အဆိပ်သင့်ခြင်း၊ ယားယံခြင်းတွေ ဖြစ်ပြီး သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒေသ ငါးမျိုးစိတ်တွေလည်း ပြုန်းတီးနိုင်ပါတယ်။ ballast water  မှာပါလာတဲ့အကောင်တွေက နိုင်ငံတစ်ခုကနေ တစ်ခုသယ်ဆောင်ပြီး ကိုယ့်နိုင်ငံမှာရှိတဲ့ ငါးမျိုးတွေကို ဖျက်ဆီးနိုင်ပါတယ်။ ဥပမာ ပြောရရင် အရှေ့တောင်အာရှမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေဟာ သြစတြေးလျ တိုက်ကိုရောက်ပြီး အဲဒီကဒေသမျိုးရင်း ငါးတစ်မျိုးကိုသွားပြီး အဆိပ်သင့်စေခဲ့တာမျိုး ရှိခဲ့ပါတယ်” ဟု ပင်လယ်ရေကြောင်းဆိုင်ရာ ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့်လည်း လာမည့်နှစ်များအတွင်း ရေနက်ဆိပ်ကမ်းများ ပေါ်ပေါက်လာတော့မည် ဖြစ်သောကြောင့် ယခင်ကထက် သင်္ဘောအ၀င်အထွက် များလာနိုင်ပြီး သင်္ဘောများတွင် ပါဝင်လာမည့် Ballast Water  ၏ အကျိုးဆက်များကို ခံစားရလာနိုင်သဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထိန်းချုပ် ထားသင့်ကြောင်းလည်း သိရှိရသည်။