Thursday, October 13, 2011

ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် ဧရိယာနှင့် မလွတ်ကင်းသည့် ကျေးရွာခုနစ်ရွာကို ပြောင်းရွှေ့နေရာချထားရန် မြေနေရာ တိုင်းတာ၊ ရှင်းလင်းခြင်းများ စတင်

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် လဲရှောင်ရွာ တစ်နေရာကို တွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်ရေနက်ဆိပ်ကမ်းအထူးစီး ပွားရေးဇုန်စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် ကျေးရွာခုနစ်ရွာကို ရွှေ့ပြောင်းနေရာချထားပေးရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ အစောပိုင်းကာလများ တွင် စီမံကိန်းဧရိယာနှင့် မလွတ် ကင်းသည့် ကျေးရွာ ၁၇ ရွာခန့်ရွှေ့ ပြောင်းရမည်ဟု သတင်းထွက်ခဲ့ပြီး ကျေးရွာခုနစ်ရွာသာ ရွှေ့ပြောင်းရန် လိုအပ်ကြောင်း သိရသည်။


''အခုစီမံကိန်းဧရိယာမှာပါဝင်တဲ့ ကျေးရွာခုနစ်ရွာကို ရွှေ့ပြောင်းပေးဖို့ စပြီးလုပ်ဆောင်နေပါပြီ။ ရွှေ့မှာက ခုနစ်ရွာဆိုပေမယ့် ရွာကြီးကခြောက်ရွာပဲပါတယ်။ အဲဒီမှာ ရေဖြူမြို့နယ်က မူးဒူး၊ မယင်းကြီး၊ ထိန်ကြီး၊ ပရဒတ်နဲ့ လဲရှောင်ရွာတို့ပါပြီး ကောင်းလုံမြို့နယ်က ညောင်ပင်ဆိပ်ရွာ စတဲ့ရွာခြောက်ရွာ ပါတယ်။ ရေဖြူမြို့နယ်မှာပါတဲ့ ငါးရွာကို စီမံကိန်းကနေ ၁၀ မိုင်အကွာမှာ ဘ၀ါမြို့သစ်အဖြစ်ရွှေ့ပြောင်းပေးမှာဖြစ်ပြီး ညောင်ပင်ဆိပ် ရွာကိုတော့ အဲဒီရွာအနီးမှာရှိတဲ့ ပန်းဒက်အင်းရွာမှာပဲ ရွှေ့ပြောင်းပေးဖို့ စီစဉ်ထားပါတယ်။ ဘ၀ါမြို့သစ်ကိုရွှေ့ပေးမယ့် ငါးရွာမှာ အိမ်ခြေ ၁၈၉၉ ရှိပါတယ်။ ရွှေ့ပြောင်းတဲ့အခါမှာလည်း စီမံကိန်းမှာပါတဲ့ မူးဒူးရွာကို အရင်ရွှေ့ပေးပြီးမှ ကျန်တဲ့ရွာတွေကို ရွှေ့ပြောင်းပေးသွားမှာပါ။ ရွှေ့ရာမှာလည်း သူတို့ ကို နေရာချထားပေးမယ့် ဘ၀ါမြို့သစ်မှာ မြို့အင်္ဂါရပ်နဲ့ ပြည့်စုံအောင်လုပ်ပြီးမှ ရွှေ့ပြောင်းပေးမှာပါ။

နေထိုင်ဖို့အတွက်အိမ်ကိုတော့ မူလနေထိုင်တဲ့ အိမ်အတိုင်းအတာကို လိုက်ပြီး L ၊ M ၊ S ဆိုတဲ့ ဆိုက်သုံးခုခွဲပြီးမှ RC နဲ့ ကွန်ကရစ်ခင်း၊ သွပ်မိုးပေးမှာပါ။ ညောင်ပင်ဆိပ်ရွာက အိမ်ခြေ ၅၂ လုံး ကိုလည်း အဲဒီအတိုင်း လုပ်ပေးသွားမှာပါ။ နောက်ပြီးစီမံကိန်းနဲ့ မလွတ်တဲ့ ဘ၀ါရွာအရှေ့ဘက်ခြမ်း အိမ်ခြေ ၅၅ လုံးကိုလည်း ဘ၀ါမြို့သစ်မှာ ရွှေ့ထားဖို့ စီစဉ်ထားပါတယ်။ ဘ၀ါမြို့သစ်အနီးမှာ ဒေသသုံးဆိပ်ကမ်း တစ်ခုကိုလည်း ထည့်သွင်းတည်ဆောက်သွားမှာပါ။ အစက ၁၉ ရွာလောက် ရွှေ့ဖို့လျာထားခဲ့ပေမယ့် ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်ဧရိယာက ဧက ၅၀၀၀၀ ကျော်သာလိုအပ်တဲ့အတွက် အခုရွှေ့ပေးမယ့် ခုနစ်ရွာတည်းနဲ့ လုံလောက်တဲ့အတွက် နောက်ထပ်ရွာတွေ ရွှေ့ဖို့မလိုတော့ပါဘူး။ ရွှေ့ပြောင်းပေးရတဲ့ ပြည်သူတွေအတွက် လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်'' ဟု ထားဝယ် အထူးစီးပွားရေးဇုန် အထောက်အကူ ပြုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်ဆွေက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် အိမ်ရာများ ရွှေ့ပြောင်းပေးနိုင်ရန် နေအိမ်ဧရိယာတိုင်းတာခြင်း၊ ရွှေ့ပြောင်း နေရာချထားပေးမည့် ဘ၀ါမြို့သစ်ဖော်ထုတ်ရှင်းလင်းခြင်းတို့ စတင်ပြုလုပ်လျက်ရှိသည်။

news-eleven.com