Wednesday, October 26, 2011

ထားဝယ်စက်မှုဇုန် နယ်နိမိတ်အတွင်းမှ ကျေးရွာ ခုနစ်ရွာ ရွှေ့ပြောင်းရမည် ဖြစ်သော်လည်း လယ်ယာစိုက်ပျိုးရေးနှင့် ရပ်တည်သော မိသားစုများကို လစဉ်ထောက်ပံ့ကြေးများ ပေးမည်

ပြောင်းရွှေ့မည့် ကျေးရွာများမှ မိသားစုများအတွက် ဆောက်လုပ်ပေးမည့် အိမ်ပုံစံအချို့ကို တွေ့ရစဉ်
ထားဝယ်စက်မှုဇုန် နယ်နိမိတ်အတွင်းမှ ကျေးရွာခုနစ်ရွာ ရွှေ့ပြောင်းရမည်ဖြစ်သော်လည်း လယ်ယာ စိုက်ပျိုးရေးနှင့် ရပ်တည်သော မိသားစုများကို လစဉ်ထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာကံဇော်က ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး ၃၉ ရက်မြောက်နေ့တွင် ပြောကြားခဲ့သည်။


ထားဝယ်စက်မှုဇုန် နယ်နိမိတ် အတွင်း လောင်းလုံမြို့နယ်မှ ညောင်ပင်ဆိပ်ကျေးရွာ ရေဖြူမြို့နယ်မှ ထိန်ကြီး၊ ပရဒတ်၊ လဲရှောင်၊ မယင်း ကြီး၊ မူဒူးရွာနှင့် ကလုတ်ထာကျေးရွာတို့ ပါဝင်သည်။

“ရွှေ့ပြောင်းပေးရမယ့်ကျေးရွာ စုစုပေါင်းခုနစ်ရွာ ရှိပါတယ်။ ထိန်ကြီး၊ ပရဒတ်၊ လဲရှောင်၊ မယင်းကြီး နဲ့မူဒူးရွာတွေကို ဘ၀ါရွာမှလည်းကောင်း၊ ညောင်ပင်ဆိပ်ကိုပန်းတင်း အင်းရွာမှာလည်းကောင်း၊ ကလုတ်ထာကျေးရွာကို ကလုတ်ကျေးရွာအနီး ပတ်ဝန်းကျင်မှာလည်းကောင်း ပြန်လည် နေရာချထားပေးမှာ ဖြစ်ပါတယ်။ ပြောင်းရွှေ့နေရာ ချထားရာမှာ ဆုံးရှုံး သွားတဲ့ နှစ်တို၊ နှစ်ရှည်သီးနှံတွေနဲ့ ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် ကျေနပ်တဲ့ ဒေသန္တရပေါက်ဈေးအတိုင်း ပေးလျော်နိုင်ဖို့ တိုင်းဒေသကြီး အစိုးရ၊ ထားဝယ် အထူးစီးပွားရေးဇုန် အထောက်အကူပြု လုပ်ငန်းအဖွဲ့ (ITD) ကုမ္ပဏီနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်” ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာကံဇော်က ပြန်လည်ဖြေ ကြားခဲ့သည်။

လယ်ယာစိုက်ပျိုးရေးနဲ့ အသက်မွေးတဲ့ မိသားစုဖြစ်ရင် စိုက်ပျိုးဖို့ ပြင်ဆင်ချိန်ရှိပါက စိုက်ပျိုးနိုင်အောင် စီစဉ်ပေးမှာပါ။ လယ်ယာစိုက်ပျိုးချိန် ကြားကာလမှာ ရွှေ့ပြောင်းရရင် အဲဒီကာလအတွက် ၀င်ငွေဆုံးရှုံးပြီး ရေရှည်ရပ်တည်ဖို့ အခက်အခဲရှိမှာ ဖြစ်တဲ့အတွက် နောက်တစ်ကြိမ် သီးနှံပေါ်တဲ့အထိ လစဉ် ထောက်ပံ့ကြေးပေးမှာပါ။

ဆက်လက်၍ ဒုတိယ၀န်ကြီး က “နေရာသစ်ပြောင်းရွှေ့ရမယ့် ရွာသားတွေအတွက် နေထိုင်မှု၊ စိုက်ပျိုး ရေးလုပ်ငန်းအတွက် မြေနေရာတွေ ဖော်ထုတ်ပေးနိုင်ဖို့ အစီအစဉ်ရှိပါတယ်။ နေရာသစ်မှာ လယ်ယာလုပ်ငန်းနဲ့ နှစ်တိုနှစ်ရှည် သီးနှံစိုက်ပျိုးမှု ကနေ ၀င်ငွေမရသေးမီ မိသားစုရပ် တည်ရေးအတွက် လစဉ်၊ နှစ်စဉ် ထောက်ပံ့ကြေးတွေ ပေးအပ်မယ်။ မပြောင်းရွှေ့မီ မူလနေရာမှာ စိုက်ပျိုးရေး ဆက်လက် လုပ်ကိုင်ခွင့်ပြုထားပြီး နေရာသစ်မှာ နှစ်တိုနှစ်ရှည်သီးနှံစိုက်ပျိုးမှုကို စတင်ဆောင်ရွက်ထားပြီးမှ အဆင့်ဆင့် ရွှေ့ပြောင်းပေးရမှာ ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ အသက်မွေးတဲ့ မိသားစုဖြစ်ရင် စိုက်ပျိုးဖို့ ပြင်ဆင်ချိန်ရှိပါက စိုက်ပျိုးနိုင်အောင် စီစဉ်ပေးမှာပါ။ လယ်ယာ စိုက်ပျိုးချိန် ကြားကာလမှာရွှေ့ပြောင်း ရရင် အဲဒီကာလအတွက် ၀င်ငွေ ဆုံးရှုံးပြီး ရေရှည်ရပ်တည်ဖို့ အခက်အခဲရှိမှာ ဖြစ်တဲ့အတွက် နောက်တစ်ကြိမ် သီးနှံ ပေါ်တဲ့အထိ လစဉ် ထောက်ပံ့ကြေးပေးမှာပါ။ နှစ်ရှည်သီးနှံပေါ်မှာ ရပ်တည်ရတဲ့မိသားစုကိုလည်း အချိန်စောပြီး ပြောင်းရွှေ့ပေးရမယ် ဆိုရင် ၎င်းနှစ်ရှည်ဝင်ငွေနဲ့ မိသားစုရပ်တည်နိုင်တဲ့ အခြေအနေ အတိုင်း လစဉ် နှစ်စဉ် ထောက်ပံ့ကြေးပေးဖို့ ITD ကုမ္ပဏီထံ ညွှန် ကြားထားပြီး ဖြစ်ပါတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။

ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းတို့အတွက် ပို့ဆောင်ရေးဝန်ကြီး ဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင် နှင့် Italian-Thai Development Public Co., Ltd (ITD) တို့မှ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂ ရက် နေ့တွင် မူဘောင် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းတစ်ခု လုံး၏ ရင်းနှီးတည်ဆောက်သူဖြစ်သည့်  Italian-Thai Development Public Co., Ltd (ITD)  အနေဖြင့် ရေနက်ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ် အားပေးစက်ရုံ၊ စက်မှုနယ်မြေများ အပါအ၀င် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းများ၊ ထိုင်းနိုင်ငံနှင့် ဆက်သွယ်မည့် မော်တော်ကားလမ်း၊ ရထားလမ်းစသည် တို့အတွက် အမေရိကန်ဒေါ်လာ သန်း ၈၆၀၀ ခန့် ရင်းနှီးမြှုပ်နှံကာ စီမံကိန်းအား ၁၀ နှစ်အတွင်း အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ပြောင်းရွှေ့မည့် ကျေးရွာများမှ မိသားစုများအတွက် သွပ်မိုး၊ နှစ် ထပ်တိုက်ခံအိမ် အမျိုးအစားများ တည်ဆောက်ပေးသွားမည်ဖြစ် ကြောင်း သိရှိရသည်။

news-eleven.com