Tuesday, November 8, 2011

ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ပေါ်ပေါက်လာမည့် စက်မှုဇုန်များ၌ ဒေသခံဘွဲ့ရလူငယ်များအား ဦးစားပေး ခန့်အပ်သွားဖွယ်ရှိ

တနင်္သာရီတိုင်းဒေသကြီး၌ တည်ဆောက်ဆဲ ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းပြီးစီးသွားပါက ပေါ်ပေါက်လာမည့် စက်မှုဇုန်များရှိ စက်ရုံအလုပ်ရုံများအတွက် လိုအပ်သောလုပ်သားများနေရာတွင် ထားဝယ်ဒေသ အတွင်းရှိ တက္ကသိုလ်များမှ ဘွဲ့ရပြီးသူများအား ဦးစားပေးခန့်အပ် သွားဖွယ်ရှိကြောင်း ပညာရေးအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

''ဒီကနေပြီးတော့ ဘွဲ့ရထားတဲ့သူတွေကို ဦးစားပေးအနေနဲ့ အလုပ်ခန့်သွားမယ်လို့ သိရပါတယ်။ သူတို့ စက်မှုဇုန်တွေမှာ လုပ်သားလိုအပ်ချက်က များတယ်ဆိုတော့ အလုပ်ရဖို့အခွင့်အရေး ပိုများတာပေါ့။ လက်ရှိအချိန်မှာ လည်း ဒီထားဝယ်မှာရှိတဲ့   တက္ကသိုလ်တွေကနေပြီး ဘွဲ့ရပြီးသားသူတွေကို အလုပ်ခန့်ထားတာပါပဲ။ တချို့ဘူမိနဲ့ ဘွဲ့ရထားတဲ့သူတွေကို မြေတိုင်းတာမှုနဲ့ မြေအနေအထား ကွင်းဆင်းလေ့လာရာမှာလည်း ခန့်ထားတယ်လို့ ကြားပါတယ်။ အသေးစိတ်တော့ မထုတ်ပြန်သေးပေမယ့် သေချာသလောက်ရှိတယ်'' ဟု တက္ကသိုလ်ဆရာတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းလုပ်ငန်းခွင်၌ ဘွဲ့ရထားပြီးသူများကို အလုပ်ခန့်အပ်ထားလျှက်ရှိပြီး ဆက်လက်၍ ထပ်မံခေါ်ယူသွားရန်လည်းရှိကြောင်း သိရသည်။

www.news-eleven.com