Wednesday, February 29, 2012

ထားဝယ်တွင် ရေနံချက်စက်ရုံတစ်ရုံ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည်ဖြစ်ပြီး မြေတိုင်းတာနေ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း ရေနံချက်စက်ရုံ တစ်ခု တည်ဆောက်ရန် မြေတိုင်းတာမှု ပြုလုပ်နေကြောင်း ဒေသခံအချို့ ထံမှ သတင်းရရှိပါသည်။

ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံမြို့နယ် အနီး စင်းလှမ်းကျေးရွာ တွင် အကြီးစားရေနံချက်စက်ရုံကို တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည်ဖြစ်ပြီး ထူးကုမ္ပဏီက တည်ဆောက်ရေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။

“အခုလောလောဆယ်တော့ မြေတိုင်းတာတွေ လုပ်နေတာပေါ့။ အရှေ့တောင်အာရှမှာ အကြီးဆုံး ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့သိရတယ်။ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီအမည်ကို ကျွန်တော်တို့ မသိရသေးပါဘူး”ဟု ထားဝယ် ဒေသခံတစ်ဦးက ပြောပြသည်။

ရေနံချက်စက်ရုံ တည်ဆောက်ရန် လျာထားသော စင်းလှမ်းကျေးရွာသည် ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် ထားဝယ်ကမ်းရိုးတန်းနှင့် တစ်ဆက်တစ်စပ်တည်း မနီးမဝေး၌ တည်ရှိနေသည်။ ရေနံချက်စက်ရုံသည် အီတာလျံ- ထိုင်းကုမ္ပဏီက တည်ဆောက်ရန် ကြေညာထားသော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန် စီမံကိန်းတွင်ပါဝင် ခြင်းမရှိသော်လည်း စက်မှုဇုန်နှင့် ဆက်စပ်နေသည်ဟု ယူဆရကြောင်း ဒေသခံများက ဆိုပါသည်။

“အခု တရုတ်နိုင်ငံက စီးပွားရေး သမားတွေက မြေတွေကိုပွဲစားတွေက တစ်ဆင့် လာဝယ်နေကြတယ်။ ရေနံချက်စက်ရုံ ဆောက်မယ့် ကုမ္ပဏီက မဟုတ်ဘူး။ ဒါပေမယ့် တရုတ်နိုင်ငံသားတွေပဲ။ ဥယျာဉ်ခြံ တချို့ ရောင်းပြီးသွားကြပြီ”ဟု ဒေသခံတစ်ဦးက ၎င်း၏ကြားသိရချက်ကို ပြန်လည် ပြောပြသည်။ မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း ဒေသကြီး၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်း၊ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်းစသည်တို့ တည်ရှိနေသည်။