Tuesday, March 13, 2012

တနင်္သာရီတိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် ကလုံးထာရေကာတာ စီမံကိန်းကို နေရာပြောင်းရွှေ့တည်ဆောက်ရန် ဒေသခံများတောင်းဆို

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း တည်ဆောက်မည့် ကလုံးထာရေကာတာ စီမံကိန်းကို မြေအနေအထားကြောင့် နေရာပြောင်းရွှေ့ တည်ဆောက်ရန် ဒေသခံများက တောင်းဆိုမှုရှိနေကြောင်း သတင်းရရှိပါသည်။

ကလုံးထာရေကာတာသည် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်း အကောင်အထည်ဖော်လျက်ရှိသော ထာဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် အသုံးပြုမည့်ရေအတွက် တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်းနှင့် ၁၀ မိုင်ခန့် အကွာရှိ ကလုံးထာချောင်းကို ရေကာတာပြုလုပ်လျက် ရေပေးဝေနိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

အဆိုပါ ရေကာတာစီမံကိန်းသည် ဘူမိဗေဒဆိုင်ရာ လေ့လာမှုများအရ မြေအနေအထား၊ အောက်ခံကျောက် အနေအထားများသည် ရေကာတာ တည်ဆောက်ရန် သင့်လျော်မှုမရှိကြောင်း တွေ့ရှိထားသည့်အတွက် နေရာပြောင်းရွှေ့တည်ဆောက်နိုင်ရန် ထားဝယ်မြို့ခံ ဘူမိ ဗေဒပညာရှင်တစ်ဦးက သက်ဆိုင်ရာသို့ အဆိုပြုတင်ပြခဲ့ကြောင်း သိရှိရသည်။

''ဘူမိဗေဒ သဘောတရားအရ တည်ဆောက်ဖို့ မသင့်လျော်ဘူးလို့ အဲဒီပညာရှင်က သုံးသပ်ထားတယ်။ ဒါကြောင့် နေရာပြောင်းရွှေ့ဆောက်ဖို့ အဆိုပြုခဲ့တယ်။ ကလုံးထာရွာက ကလုံးထာချောင်းနားမှာ ရှိတယ်။ ရေကာတာက ကလုံးထာရွာရဲ့ အောက်ဘက်မှာရှိတယ်။ အဆိုပြုထားတာက ရွာရဲ့ အထက်ဘက်မှာ ဆောက်ဖို့။ အဲဒီလို အထက်ဘက် ရွှေ့ဆောက်လိုက်ရင် ရွာလည်း မပြောင်းရွှေ့ရတော့ဘူး။ အခု လျာထားတဲ့ နေရာမှာသာ ဆောက်ရင်ရွာက ရေ၀ပ်ဧရိယာမှာ ပါနေလို့ ပြောင်းရမှာပါ''ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောကြားသည်။

''အခု လက်ရှိနေရာမှာသာဆောက်ရင် ကလုံးထာရွာက ကျေးရွာတစ်ခုလုံး ပြောင်းရမယ်။ ဥယျာဉ်ခြံတွေလည်း ဆုံးရှုံးမယ်။ ကျေးရွာက ဘုန်းတော်ကြီးနဲ့ ရွာသူရွာသားအများစုက မရွှေ့ပြောင်းချင်တဲ့အတွက်ကြောင့် ရေကာတာစီမံကိန်းကို နေရာပြောင်းရွှေ့ပေးဖို့ တောင်းဆိုနေကြတယ်''ဟု အဆိုပါ ကျေးရွာသို့ သွားရောက်ခဲ့သော ထားဝယ်မြို့မှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။  ထားဝယ်ရေနက်ဆိပ်ကမ်း နှင့်စက်မှုဇုန်ဧရိယာသည် ထားဝယ်မြစ်၏ အနောက်ဘက်တွင် တည်ရှိပြီး ထားဝယ်မြစ်ဝှမ်းနှင့် တနင်္သာရီကမ်းရိုးတန်းအကြား၌ ဖြစ်သည်။ မြောက်ဘက်တွင် ရေဖြူမြို့နယ်၊ အရှေ့ဘက်တွင် ထားဝယ်မြစ်၊ ရေဖြူမြို့နယ်၊ တောင်ဘက်တွင် လောင်း လုံမြို့နယ်နှင့် အနောက်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ထိစပ်လျက်ရှိပြီး ဧရိယာအကျယ်အ၀န်းမှာ ၂၅၀ စတုရန်းမီတာ(၉၇ စတုရန်းမိုင်)ဖြစ်သည်ဟု သိရှိရသည်။