Tuesday, March 20, 2012

ထားဝယ်ဒေသခံများ အထူးစီးပွားရေးဇုန်မှ အကျိုးခံစားခွင့်နည်းပါး

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းဖော်ဆောင်ရာတွင် ဒေသခံစီးပွားရေးသမားများ ပါဝင်လုပ်ပိုင်ခွင့် မရှိသလောက်နည်းပါးကာ ဒေသခံလူထုအတွက်လည်း အကျိုးစီးပွားသိပ်မရရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

စီမံကိန်းအကောင် အထည်ဖော်ဆောင်ရေး ကုမ္ပဏီဖြစ်သည့် Dawei Development Co.Ltd(DDC) က လုပ်ငန်းသုံးဆောက်လုပ်ရေးပစ္စည်းများ၊ စားသောက်ကုန်များအားလုံးကို နယ်စပ်မှတစ်ဆင့်တင်သွင်းလျှက်ရှိပြီး ဒေသခံလုပ်သားများကို အခြေခံလုပ်သားများအဖြစ် ဦးစားပေးရမည်ဖြစ်သော်လည်း အီတာလျှံထိုင်းကုမ္ပဏီနှင့် DDC တို့ အခြေစိုက်စခန်းတွင် လုပ်သား ၇၂၀ ကျော်ရှိသည့်အနက် ထိုင်းလုပ်သားဦးရေမှာ ၅၅၀ ကျော်ရှိနေသဖြင့် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွန်းလာမည်ဆိုသည့် အချက်မှာ စဉ်းစားစရာ ဖြစ်နေသည်ဟု စီမံကိန်းအကြောင်း လေ့လာသူ စီးပွားရေးသမားတစ်ဦးက YPI သို့ပြောသည်။

“ ပစ္စည်းတွေက DDC ကထုတ်ပေးတယ်။ ဆောက်လုပ်ရေးပစ္စည်းတွေဆိုတာကလည်း နယ်စပ်ကနေ အကောက်အခွန်မဲ့ သွင်းလာတာတွေ၊ အုတ်လိုရင် စက်တွေသယ်လာပြီး အုတ်လုပ်တယ်။ သဲလိုကိုယ့်ဖာသာကိုယ် သဲတူးတယ်။ ဒီဒေသကလူတွေ ဘာလုပ်ခွင့် ရမလဲ။ ဒီတော့ ကိုယ့်ဒေသကစီးပွားရေးသမားတွေက အလုပ်သမားခေါင်းအဆင့် ဖြစ်နေတာပေါ့” ဟု ဒေသခံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“ ငရုတ်သီး၊ ကြက်သွန်၊ ပဲသီးကအစနယ်စပ်ကနေသယ်နေတာကိုး။ ရှင်းရှင်းပြောရရင် ဒီဒေသကလူတွေ ဘယ်သူမှ အကျိုးခံစားခွင့်မရှိသေးဘူး ” ဟု ၎င်းကဆက်ပြောသည်။

ထားဝယ်အထူးစီးပွားဇုန်စီမံကိန်းမှာ ထိုင်းအခြေစိုက်ဆောက်လုပ်ရေးကုမ္ပဏီအီတာလျှံထိုင်းကုမ္ပဏီနှင့် Max Myanmar ကုမ္ပဏီတို့ ပူးပေါင်းကာ DDC (Dawei Development Co.ltd) အမည်ဖြင့် ၂၀၀၈ ခုနှစ်မှ စတင်၍ ထားဝယ်ခရိုင်၊ နဘုလယ်ဒေသတွင် လေ့လာမှုများပြုလုပ်ကာ လုပ်ငန်းအကောင်အထည်ဖော်လျှက်ရှိသည်။

လူဦးရေသုံးသောင်းကျော်ခန့် ပြောင်းရွှေ့ပေးရမည်ဖြစ်သော ၎င်းစီမံကိန်းတွင် ကနဦးပြောင်းရွှေ့နေရာချထားမှုများအတွက် မြို့သစ် အိမ်ယာများဆောက်လုပ်ရန် ကန်ထရိုက်ခေါ်ယူနေပြီဖြစ်ကြောင်းနှင့် နာမည်ကြီး သရုပ်ဆောင် လွင်မိုး ပိုင်ဆိုင်သည့် ၀မင်းကုမ္ပဏီမှ လည်း လမ်းဖောက်လုပ်ရန် ကန်ထရိုက်ရရှိထားကြောင်း ထားဝယ်စီးပွားရေးအသိုင်းအ၀ိုင်းမှ ပြောသည်။

“ ဒေသခံတွေပြောင်းရွှေ့ရမဲ့ အနေအထားတွေ၊ ပြန်လည်ထူထောင်မှုတွေ၊ သူတို့အသက်မွေးဝမ်းကြောင်းကိစ္စတွေ ခုချိန်မှာပြောဆိုသင့်တဲ့ အနေအထားဖြစ်ပြီး အများကြီးစဉ်းစားဖို့လိုအပ်နေပါပြီ ” ဟု ဒေသတွင်းစီးပွားရေး အတွေ့အကြုံရင့်ကျက်သူ ၎င်းက သုံးသပ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်ဥပဒေတွင် အခန်း(၂) ရည်ရွယ်ချက်များ (ဃ)တွင် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုဖန်တီးပေးရန် ဟုဖော်ပြပါရှိသည်။

ထို့အတူအခန်း(၅) ရင်းနှီးမြုပ်နှံသူ၏ အထူးအခွင့်အရေးများအခန်း၊ ပုဒ်မခွဲ (၂၁)တွင် ရင်းနှီးမြုပ်နှံသူသည် လုပ်ငန်းအတွက်အသုံးပြုမည့် မော်တော်ယာဉ်များ၊ ယန္တရားများ၊ လုပ်ငန်းသုံးပစ္စည်းများအား အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ပြည်ပမှ တင်သွင်းခွင့်ပြုကြောင်း ပါရှိသည်။

အရှေ့တောင်အာရှ၏ ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် အချက်အခြာနေရာဖြစ်ရန်ရည်ရွယ်ထားပြီးစုစုပေါင်း (၅၈) ဘီလျှံခန့်ရင်းနှီးကုန်ကျမည့်ဟု ခန့်မှန်းထားသော ထားဝယ်စီမံကိန်းမှာ ယခုလက်ရှိတွင် ထိုင်းနိုင်ငံသို့ လမ်းအူကြောင်းဖောက်လုပ်ခြင်း၊ အလုပ်သမားတန်းလျားများ၊ ရုံးအဆောက်အဦများဆောက်လုပ်ခြင်း၊ မြေတိုင်းတာခြင်း၊ လုပ်ငန်းသုံးလမ်းဖောက်ခြင်းများ လုပ်ဆောင်လျှက်ရှိသည်။        ။