Monday, May 7, 2012

ဖော်ထုတ်နေဆဲ သီလ၀ါ အထူးစီးပွားရေးဇုန်၏ တောင်ဘက်အခြမ်းကို တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့် ကျန်သည့် မြောက်ဘက်အခြမ်းကို ကိုရီးယား၊ ဂျပန်၊ စင်ကာပူနှင့် နိုင်ငံတကာ ကုမ္ပဏီများအား ပေးရန်လျာထား

လက်ရှိ ဖော်ထုတ်နေဆဲဖြစ်သော သီလ၀ါ အထူးစီးပွားရေးဇုန်၏ တောင်ဘက်အခြမ်းကိုမူ တရုတ်စီးပွားရေး လုပ်ငန်းရှင်များအတွက် လျာထားပြီး ကျန်သည့် မြောက်ဘက်အခြမ်းအား ကိုရီးယား၊ ဂျပန်၊ စင်ကာပူ နှင့်နိုင်ငံတကာ ကုမ္ပဏီများပေးရန် လျာထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရရှိထားသော သတင်းများအရ သိရှိရသည်။
မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန် ဥပဒေ (The Union of Myanmar Special Economic Zone Law) ကို ၂၀၁၁ခုနှစ် ဇန်န၀ါရီလတွင် ပြဋ္ဌာန်းခဲ့ပြီး လက်ရှိအခြေအနေတွင် ထားဝယ် အထူးစီးပွားရေးဇုန်၊ သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့ကို ဖော်ထုတ်နေကြောင်း သိရှိရသည်။

“မြန်မာနိုင်ငံရဲ့ အထူးစီးပွားရေးဇုန်ဥပဒေမှာ tau holiday ကို ငါးနှစ်ပေးထားပါတယ်။ ပြီးတော့ ဒုတိယငါးနှစ်မှာ နောက်ထပ် ၅၀ရာခိုင်နှုန်း ထပ်ပေးမှ ဖြစ်ပါတယ်။ တစ်ခါ တတိယငါးနှစ်မှာ ၅၀ ရာခိုင်နှုန်း ထပ်လျော့ပြီး reinvest လုပ်လို့ expart sale အပေါ်မှာလည်း သက်သာခွင့်ထပ်ပေးသွားမှာပါ။ ပြီးတော့ Custom duty  ကင်းလွတ်ခွင့်နဲ့ ပတ်သက်လို့ကတော့ export Processing Zone အတွက်သွင်းလာတဲ့ ကုန်ကြမ်းတွေ၊ စက်တွေ၊ ယန္တရားတွေ ကို အခွန်ကင်းလွတ်ခွင့် ပေးသွားမှာပါ။ export Processing Zone က အပ အခြားဇုန်တွေမှာ စက်ပစ္စည်းတွေ၊ ယန္တရားတွေ တင်သွင်းလာရင် အခွန်ငါးနှစ် ကင်းလွတ်ခွင့်ပေးမှာဖြစ်သလို နောက်ထပ်ငါးနှစ်အတွက် လည်း အခွန်ကင်းလွတ်ခွင့်ပေးထားပါတယ်” ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

အလားတူ မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် ကာကွယ်ရေး သဘောတူစာချုပ်ကို နိုင်ငံပေါင်းခုနစ်နိုင်ငံနှင့် ချုပ်ဆိုထားပြီ ယင်းခုနစ်နိုင်ငံမှာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ အိန္ဒိယနိုင်ငံနှင့် ကူဝိတ်နိုင်ငံတို့ဖြစ်သည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ၀င်ငွေကို ဈေးကွက်ပေါက်ဈေးနဲ့ လဲလို့ရနေပါပြီ။  account Transfer ကိုလည်း ခွင့်ပြုလိုက်ပြီ။ မလိုအပ်တဲ့ စာရွက်စာတမ်းတွေ လျှော့ချပေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့လည်း အမြန်ဆုံးညှိနှိုင်း ဆောင်ရွက်ပေးနေပါတယ်။ လိုအပ်တဲ့ အကြံဥာဏ်တွေကိုလည်း ပေးပါတယ်။ အရင်တုန်းက ပါမစ်ရဖို့လချီပြီးတော့ ကြာပေမယ့် အခုနှစ်ပတ်အတွင်း ပါမစ်ထုတ်ပေးနေပါပြီ။ ဟိုတုန်းကဆိုရင် ၀န်ကြီးအဖွဲ့ကို တင်ရတယ်။ အခုအဖွဲ့ဝင်တွေ ဆွေးနွေးပြီး ရင်းနှီးမြှုပ်နှံမှု ပါမစ်ကို ထုတ်ပေးနေပါတယ်။ ကုမ္ပဏီမှတ်ပုံတင် လုပ်ငန်းကိုလည်း One stop Service အနေနဲ့ဆောင်ရွက်ပေးနေပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ဒေါ်မြသူဇာက ပြောပြခဲ့သည်။

“အထူးစီးပွားရေးဇုန် ဥပဒေနဲ့ ပြည်ပ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဥပဒေ မတူပါဘူး။ FDI နဲ့ရင်းနှီးမြှုပ်နှံမယ် ဆိုရင် အခွန်ကင်းလွတ်ခွင့်ကို သုံးနှစ်ပေးတယ်။ ဒါပေမယ့် ထုတ်လုပ်တဲ့ ပစ္စည်းကို ပြည်တွင်းရော ပြည်ပမှာပါ ရောင်းချခွင့်ရှိတယ်။ SEZ lawနဲ့ဆိုရင်တော့ အခွန်ကင်းလွတ်ခွင့်ကို ငါးနှစ်ပေးပြီးတော့ သူကတော့ ပြည်တွင်းမှာ ရောင်းချခွင့်မရှိဘဲ ပြည်ပကို ပြန်ပြီး Export လုပ်ဖို့အတွက်ပဲ ခွင့်ပြုပေးပါတယ်” ဟု လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် က ပြောပြခဲ့သည်။