Monday, May 7, 2012

ထားဝယ် ရေနက်ဆိပ်ကမ်းမှ ဘ၀ါမြို့သစ် စီမံကိန်းသို့ ဖောက်လုပ်မည့် လမ်းကြောင်းပေါ်ရှိ ဒေသခံများ၏ လယ်နှင့်ခြံမြေများ လျော်ကြေးငွေရရှိ

ထားဝယ် ရေနက်ဆိပ်ကမ်း ဧရိယာအတွင်းရှိ ဒေသခံများအား ပြန် လည်နေရာချထားပေးရန် စီမံကိန်းမှ မြောက်ဘက် ၁၀ မိုင်အကွာတွင် တည်ဆောက်လျက်ရှိသော ဘ၀ါမြို့သစ်သို့ ဆက်သွယ်ဖောက်လုပ်မည့် လမ်းမသစ် စီမံကိန်းရှိ ဒေသခံများ၏ လယ်နှင့်ခြံမြေများအား စီမံကိန်း အကောင်အထည်ဖော်လျက်ရှိသော Max Myanmar နှင့် ITD တို့ ပူးပေါင်းထားသည့် DDC ကုမ္ပဏီမှ ပါဝင်မှု အနည်းအများအလိုက် လျော်ကြေးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


''လမ်းဖောက်လုပ်ရာမှာပါတဲ့ လယ်နဲ့ ခြံပိုင်ရှင် ၃၃ ဦးကို တစ်ဧက ကျပ်သိန်း ၁၀၀ နှုန်းလောက်နဲ့ လျော်သွားပါတယ်။ ကျပ်သိန်း ၁၀၀ အပြည့်ရတဲ့သူတွေလည်း ရှိတယ်။ လျော်ကြေးပေးတာက ပျမ်းမျတွက်ပေးတာ မဟုတ်ဘဲ ပိုင်ရှင်တွေက အဆိုပြုလွှာတွေ တင်ရတယ်။ အဆိုပြုလွှာ တင်တဲ့အခါမှာ ဥပမာ တစ်ဧကကို ပိုင်ရှင်ဘက်က ကျပ်သိန်း ၁၂၀ တောင်းရင် ကုမ္ပဏီဘက်က ကျပ်သိန်း ၁၀၀ လောက် ပေးတာပေါ့။ တချို့ကတော့ တစ်ဧက မပြည့်တဲ့အတွက် ပါဝင်ခဲ့တဲ့ မြေအရွယ်အစားအတိုင်းပဲ တောင်းကြတယ်။ လျော်ကြေးငွေကတော့ ဧပြီလ ၉ ရက်နေ့က အားလုံး ပေးပြီးသွားပါပြီ။ ရွာသားတွေကို ကိုယ့်စိတ်ကြိုက် အဆိုပြုဖို့ ပြောခဲ့ပါတယ်။ ဥယျာဉ်ခြံတွေ အတွက် လျော်ကြေးပေးဖို့ အဆိုပြုလွှာ တင်ခိုင်းတုန်းက ရွာသားတွေတင်တဲ့ အဆိုပြုငွေရဲ့တစ်ဝက်လောက်ပဲ ကုမ္ပဏီက ပြန်သတ်မှတ်ပေးခဲ့တာဆိုတော့ အခုလည်း ဒီလိုပဲ ထင်နေကြတာပေါ့။ ကုမ္ပဏီကလျော်ပေးတာက မြေအတွက်သက်သက်ဆိုတော့ မြေပေါ်မှာရှိတဲ့ သစ်ပင်တွေအတွက် မပါသေးဘူးလေ။ ဒီကိစ္စကို ကုမ္ပဏီကို တင်ပြသွားပါမယ်''ဟု မယင်းကြီး ကျေးရွာဥက္ကဋ္ဌ ဦးမိုးဝင်းက ပြောကြားသည်။