Wednesday, May 16, 2012

ပြည်ပ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတို့တွင် အမြင့်ဆုံးဖြစ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၈၁ ရာခိုင်နှုန်း ၀န်းကျင်ရှိ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသော်လည်း ရင်းနှီးမြှုပ်နှံမှု အမျိုးအစားနှင့် ပတ်သက်၍ ဝေဖန်သုံးသပ်မှုများ ရှိနေ

၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ထားသော စာရင်းအရ မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၈၁ ရာခိုင်နှုန်း ၀န်းကျင်ရှိကြောင်း တရားဝင် ထုတ်ပြန် ချက်များအရ သိရှိရသည်။

ယခုနှစ် နှစ်ကုန်ပိုင်း မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ချက်များ အရ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံထားသည့် စုစုပေါင်းပြည်ပ ကုမ္ပဏီ ၄၆၇ ခုရှိပြီး စုစုပေါင်းရင်း နှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ သန်းပေါင်း ၄၀၆၉၉ ဒဿမ ၀၄၈ ရှိကြောင်း သိရှိရသည်။ ယင်းအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများမှာ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ စင်ကာပူနှင့် မလေးရှား နိုင်ငံဖြစ်ကြောင်း သိရှိရသည်။

''နိုင်ငံတိုးတက်ဖို့အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုက  Economic Driver တစ်ခုပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်တဲ့နေရာမှာ ကျွန်တော်တို့ သဘောက job creation ကို ဇောင်းပေးစေချင်ပါတယ်။ နိုင်ငံခြား ရင်းနှီး မှုသိပ်များတဲ့ investment တွေ ၀င်လာရင် ၀င်တော့ဝင်လာပါရဲ့ ကိုယ့်နိုင်ငံမှာ ရှိတဲ့လူတွေ မသုံးတော့ဘူး။ အဲဒီတော့  labour မသုံးတဲ့ investment မျိုးဝင်လာမယ့်အစား ဆူလွယ် နပ်လွယ်နဲ့ ကိုယ်နိုင်ငံမှာရှိတဲ့ ကလေးတွေ၊ အလုပ်ရနိုင်တဲ့ ကဏ္ဍမျိုးတွေ ၀င် လာရင် ပိုပြီးတော့ အကျိုးရှိမှာပါ။ ဘင်္ဂလားဒေ့ရှ် တက်သွားတာ အဲဒီအတိုင်းပဲ။ အထည်ချုပ်နဲ့တက်သွားတာ skill သိပ်မလိုဘူး။ တစ်ခုရှိတာက local မှာရှိတဲ့ ကလေးတွေကိုလည်း capacity တက်အောင် ပညာပေးရမယ်။ အဲဒီလို မဟုတ်ဘူးဆိုရင် ကိုယ့်လူတွေက ခြုံရှင်းနဲ့၊ မြက်ခုတ်တဲ့ အလုပ်လောက်ပဲ ရမှာစိုးရတယ်။ ဒါကြောင့် Investment ကိုကြည့်တဲ့အခါ အလုပ်အကိုင် အခွင့်အလမ်း ဘယ်လောက် ဖန်တီးပေးနိုင်လဲဆိုတာကို ကြည့်ပြီးခါမှ အဲဒီလို investment မျိုးကို ဖိတ်ခေါ်သင့်ပါတယ်'' ဟု ဒေါက်တာအောင်ထွန်းသက်က ပြောပါသည်။

အလားတူ UN မှ ထုတ်ပြန်သော report များတွင် regional integration များအား ဇောင်းပေးဖော်ပြထားကြောင်း၊ အလားတူ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု afta ကို ရင်ဆိုင်ရန် သုံးနှစ်သာ လိုတော့ကြောင်း၊ ထို့အတွက် local SMEs များ အခက်အခဲနှင့် ရင်ဆိုင်ရနိုင်ကြောင်း၊ ၎င်းအနေအထားများကို ရင်ဆိုင် ကျော်လွှားနိုင်ရန်အတွက် မဟာဗျူဟာ၊ နည်းဗျူဟာများ လိုအပ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

''အကယ်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့လို ကဏ္ဍတွေမှာ ၀င်လာရင် ပိုကောင်းပါတယ်။ ဒါပေမယ့် ကျန်းမာရေးကဏ္ဍလို့ ဆိုတဲ့နေရာမှာ တည့်နေတဲ့နှာခေါင်းကြီးကို စောင်းချင်လို့ ခွဲတာမျိုး၊ နှုတ်ခမ်းကွဲတာမျိုး၊ အဲဒီလို အမြတ်များများရတဲ့  ဘက်မှာ ရင်းနှီးမြှုပ်နှံမှုရအောင် လုပ်သွားတာထက် တကယ်လိုအပ်နေတဲ့ basic health service တွေ ပေးနိုင်ဖို့ အရေးကြီးပါတယ်။ တကယ်လိုချင်တာက ဟိုး တောရွာကလေးတွေမှာ မူလတန်းကအစ ဘင်္ဂလားဒေ့ရှ်မှာလို ကွန်ပျူတာသုံးနိုင်တဲ့ မြှုပ်နှံမှုမျိုး လိုချင်တယ်။ ပညာရေးမှာလည်း ဒီလိုပဲ။ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာဖွင့်တဲ့ MBA က တစ်နှစ်ကို ၅၀၀၀ ပဲရှိတယ်။ အခုနိုင်ငံခြားက MBA  စဖွင့်နေပြီ။ ၁၈ လကို သိန်း ၉၀ ရတယ်။ ဆင်းရဲချမ်းသာကွာဟမှု သိပ်များလာရင် ဒါက စီးပွားရေး ပြဿနာ မဟုတ်တော့ဘူး။ နိုင်ငံရေးနဲ့ လူမှုရေး ပြဿနာတွေ ဖြစ်လာမယ်''ဟု ၎င်းက ဆက်လက် သုံးသပ်ပြသည်။

ပြီးခဲ့သည့် လမှစ၍ အာမခံနှင့် ပတ်သက်သော ရင်းနှီးမြှုပ်နှံမှုအား ဖွင့်ပေးခဲ့ကြောင်း၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွင် အာမခံပေးသည့် ရင်းနှီးမြှုပ်နှံမှုများအား ကြိုဆိုကြောင်းနှင့် ယနေ့ကမ္ဘာတွင် quality of  investment နှင့် ပတ်သက်၍ ပညာရှင်များ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး လာကြကြောင်း သိရှိရသည်။

''တကယ်တော့ မီဒီယာတွေကလည်း ဘယ်နေရာမှာ investment  အလုပ်သင့်တယ်ဆိုတာကို မီးမောင်း ထိုးပြရမယ်။ မဟုတ်ရင် အမြတ်ရတဲ့ လုပ်ငန်းတွေ အများကို အကျိုးမရှိဘဲ လူနည်းစုအကျိုးသာ ဖြစ်စေတဲ့ cosmetic surgery  လိုဟာမျိုးတွေဆိုလို့ရှိရင် အကျိုးမရှိနိုင်ပါဘူး။ တကယ်လိုတာ ကျေးရွာတွေမှာ အခြေခံ စောင့်ရှောက်မှု၊ ဒါကြောင့် type of investment ကို စဉ်းစားသုံးသပ်ဖို့ လိုတယ်။ အခုတွေ့မြင်နေရတာက လာရင်စောစောကပြောတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လာမှာ မဟုတ်ဘဲ၊ ဆူလွယ်၊ နပ်လွယ်နဲ့ အမြတ်ရမယ့်ဟာမျိုးတွေ ၀င်လာမယ့် သဘောဖြစ်နေတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့လည်း ပေါ်လစီနဲ့ ထိန်းရမယ်။ direction ကို ချပြထားရမယ်။ professor steligli က ပြောသွားတယ်။ မင်းတို့နိုင်ငံမှာ ရွေးချယ်စရာတစ်ခုပဲ ရှိတယ်တဲ့။ မာစီဒီးသွင်းမလား၊ ဘတ်စ်ကား သွင်းမလားဆိုပြီးတော့ မေးခွန်း ထုတ်သွားတယ်။ သူပြောချင်တာက ဘယ်လို type of investment မျိုး လိုတယ်ဆိုတာကို quality of investment တစ်မျိုးနဲ့ ပြောသွားတာပါ''ဟု စီးပွားရေး ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

UNESCAP ၏ ၂၀၁၂ ခုနှစ် ထုတ်ပြန်သော report အရ မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၅.၃ ရာခိုင်နှုန်း ရှိခဲ့ပြီး၊ ၂၀၁၁ ခုနှစ်တွင် ၅.၅ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ အလားတူပင် ၂၀၁၂ ခုနှစ်အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းအား ၆.၂ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု မျှော်မှန်းထားကြောင်း သိရှိရသည်။

''ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လာရင် ဘယ်လိုလုပ်ငန်းမျိုးတွေ ၀င်လာပြီး မြှုပ်နှံမှာလည်းဆိုတာက စိတ်ဝင်စားစရာကောင်းပါတယ်။ ဥပမာ ထားဝယ် အထူးစီးပွားရေးဇုန်ဆိုပါတော့ ဒီမှာ စတီးစက်ရုံတွေလာ ဆောက်မယ်ဆိုရင် စက်ရုံတစ်ရုံက  recruit အလုပ်နိုင်တဲ့ ပမာဏက နည်းနည်းပဲ ရှိတယ်။ ဒါပေမယ့် အထည်ချုပ်လိုဟာမျိုး၊ အအေးခန်းလို စက်ရုံမျိုးတွေက အလုပ်အကိုင် ပေးနိုင်တဲ့ ပမာဏက အများကြီးပါပဲ။ ဒါ ကြောင့် type of investment ကို ရွေးချယ်တဲ့အခါမှာတော့ တော်တော်လေး အရေးကြီးပါတယ်။ လောလောဆယ်မှာတော့ ရေနံ၊ သဘာဝ ဓာတ်ငွေ့နဲ့ စွမ်းအင်ကဏ္ဍတွေမှာပဲ သူသူ ငါငါ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြတယ်'' ဟု Eco Dev မှ ဦးဝင်းမျိုးသူက ပြောပြခဲ့သည်။
နိုင်ငံတစ်နိုင်ငံတွင် သယံဇာတ ပေါကြွယ်ဝသည်မှာ အားသာချက် တစ်ခုဖြစ်ကြောင်း၊ သို့သော်လည်း အခြားတစ်ဖက်တွင် resource curst သယံဇာတကျိန်စာ ကျရောက်တတ်ကြောင်း ယခုနှစ် UN ၏ ထုတ်ပြန်သော စာတမ်းတွင်လည်း သယံဇာတ ကျိန်စာနှင့် ပတ်သက်၍ ထည့်သွင်း ရေးသား ဖော်ပြထားကြောင်း၊ အကန့်အသတ်နှင့်သာ ထွက်ရှိသည့် သယံဇာတအား အကျိုးရှိရှိ အသုံးချရန် လိုအပ်ပြီးဖြုန်းသည့်သဘော မဖြစ်သင့်ကြောင်း ပါမောက္ခစတစ်ဂလစ်က မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဥပဒေအား ရေးဆွဲနေဆဲဖြစ်ပြီး မကြာမီ ထွက်ပေါ်လာဖွယ် ရှိကြောင်း၊ လတ်တလောတွင် ရင်းနှီးမြှုပ်နှံမှုဥပဒေ မထွက်သေးသည့်အတွက် ပြည်ပလုပ်ငန်းရှင်များ စောင့်ကြည့်နေကြဆဲ အနေအထားများလည်း တွေ့နေရကြောင်းနှင့် သို့သော် ရင်းနှီးမြှုပ်နှံမှုဥပဒေအတွက် ပေါ်လာသည့်နောက်ပိုင်း အမြတ်ရလွယ်သော ကဏ္ဍများတွင်သာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာကြမည်ကိုလည်း စီးပွားရေး ပညာရှင်အချို့က စိုးရိမ်နေကြကြောင်း သိရှိရသည်။

''ရင်းနှီးမြှုပ်နှံမှုဥပဒေ အဲဒီလို အနေအထားမျိုးတွေ မဖြစ်အောင် အတတ်နိုင်ဆုံး ရေးဆွဲနေပါတယ်။ အဓိကကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး၊ တိုင်းပြည်အတွက် ရေရှည်အကျိုးရှိမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးတွေ ၀င်လာဖို့ ညှိနှိုင်းဆောင်ရွက်နေပါ တယ်''ဟု နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးဖြစ်သူ Mr. Win- ston Set Aung က ပြောပြခဲ့သည်။
ပြည်ပရင်းနှီးမြုပ်နှံမှု အခြေအနေပြဇယား (၃၁ ရက် ၃ လ ၂၀၁၂)
စဉ် နိုင်ငံ ကုမ္ပဏီစုစုပေါင်း ပမာဏ(အမေရိကန်ဒေါ်လာ) ရာခိုင်နှုန်း
၁။ တရုတ် ၃၄ ၁၃၉၄၈ ဒဿမ ၈၉၆ ၃၄ ဒဿမ ၂၇
၂။ ထိုင်း ၆၁ ၉၅၆၈ ဒဿမ ၀၉၃ ၂၃ ဒဿမ ၅၁
၃။ ဟောင်ကောင် ၃၈ ၆၃၀၈ ဒဿမ ၄၉၅ ၁၅ ဒဿမ ၅၀
၎။ တောင်ကိုရီးယား ၄၉ ၂၉၄၁ ဒဿမ ၂၈၉ ၇ ဒဿမ ၂၃
၅။ ဗြိတိန် ၅၂ ၂၇၅၉ ဒဿမ ၇၈၅ ၆ ဒဿမ ၇၈
၆။ စင်ကာပူ ၇၂ ၁၈၀၄ ဒဿမ ၀၁၃ ၄ ဒဿမ ၄၃
၇။ မလေးရှား ၄၁ ၁၀၂၆ ဒဿမ ၉၆၁ ၂ ဒဿမ ၅၂
၈။ ပြင်သစ် ၄၆၉ ၁ ဒဿမ ၁၅
၉။ အမေရိကန် ၁၅ ၂၄၃ ဒဿမ ၅၆၅ ၀ ဒဿမ ၆၀
၁၀။ အင်ဒိုနီးရှား ၁၂ ၂၄၁ ဒဿမ ၄၉၇ ၀ ဒဿမ ၅၉

ကဏ္ဍအလိုက် ပြည်ပရင်းနှီးမြှုပ်နှံမှု ပမာဏ (ရာခိုင်နှုန်း)
စဉ် အမျိုးအစား ကုမ္ပဏီစုစုပေါင်း ပမာဏ(အမေရိကန်ဒေါ်လာ) ရာခိုင်နှုန်း
၁။ စွမ်းအင် ၁၈၈၇၃ ဒဿမ ၇၂၀ ၄၆ ဒဿမ ၃၇
၂။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ၁၀၉ ၁၄၀၆၃ ဒဿမ ၀၇၂ ၃၄ ဒဿမ ၅၅
၃။ သတ္တုတွင်းထွက် ၆၆ ၂၈၁၄ ဒဿမ ၃၆၀ ၆ ဒဿမ ၉၂
၎။ ထုတ်လုပ်မှု ၁၆၄ ၁၇၆၀ ဒဿမ ၇၀၁ ၄ ဒဿမ ၃၃
၅။ ဟိုတယ်နှင့်ခရီး ၄၅ ၁၀၆၄ ဒဿမ ၈၁၁ ၂ ဒဿမ ၆၂
၆။ အိမ်ခြံမြေ ၁၉ ၁၀၅၆ ဒဿမ ၄၅၃ ၂ ဒဿမ ၆၀
၇။ မွေးမြူရေး ၂၅ ၃၂၄ ဒဿမ ၃၅၈ ၀ ဒဿမ ၈၀
၈။ ပို့ဆောင်ဆက်သွယ်ရေး ၁၆ ၃၁၃ ဒဿမ ၉၀၆ ၀ ဒဿမ ၇၇
၉။ စက်မှုကဏ္ဍ ၁၉၃ ဒဿမ ၁၁၃ ၀ ဒဿမ ၄၇
၁၀။ စိုက်ပျိုးရေး ၁၇၃ ဒဿမ ၁၀၁ ၀ ဒဿမ ၄၃
၁၁။ ဆောက်လုပ်ရေး ၃၇ ဒဿမ ၇၆၇ ၀ ဒဿမ ၀၉
၁၂။ အခြားကဏ္ဍ ၂၃ ဒဿမ ၆၈၆ ၀ ဒဿမ ၀၆