Wednesday, May 23, 2012

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့တွင် တည်ဆောက်မည့် စီမံကိန်း ၂၀၃ ခုအတွက် ကုန်ကျစရိတ် ထိုင်းဘတ် ၃၁ ဘီလျံအား ထိုင်းအစိုးရအဖွဲ့မှ အတည်ပြု

မြန်မာနိုင်ငံ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့တွင် တည်ဆောက် မည့်စီမံကိန်း ၂၀၃ ခုအတွက် ကုန်ကျစရိတ်ထိုင်းဘတ်ငွေ ၃၁ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဘီလျံ)အား ထိုင်းအစိုးရမှ အတည်ပြုလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက် ပို့စ်သတင်းစာတွင် ရေးသားဖော်ပြထားချက်များအရ သိရှိရသည်။

အဆိုပါထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းမှာ ထိုင်းနိုင်ငံအတွက် အာဆီယံဒေသနိုင်ငံများနှင့် ချိတ်ဆက် ၍ရသော ပေါင်းကူးသဖွယ် ဖြစ်လာမည်ဖြစ်ကြောင်း သိရှိရသည်။ ထိုင်းအစိုးရအနေဖြင့် ထားဝယ်ဒေသ ဖွံ့ဖြိုးရေး အပါအ၀င် ရေနက်ဆိပ်ကမ်း စက်မှုဇုန်ဖွံ့ဖြိုးရေးများကိုပါ ဆောင်ရွက်နေကြောင်း၊ အဆိုပါစီမံကိန်းမှာ မြန်မာ့စီးပွားရေးကိုပါ တိုးတက်လာစေမည့်အပြင် စီမံကိန်းပြီး စီးပါက ထိုင်းနိုင်ငံ အနောက်ဘက် ခြမ်းဒေသအား နိုင်ငံတကာစီးပွားရေးအရ ဗဟိုအချက်အချာကျသော နေရာတစ်ခု ဖြစ်လာမည်ဟု မျှော်မှန်းထားကြောင်း သိရှိရသည်။

ထိုင်းအစိုးရအနေဖြင့် ထိုင်းနိုင်ငံ ကစ်ရှနာဘူရီမှ မြန်မာနိုင်ငံ ထားဝယ်သို့ ဖောက်လုပ်မည့် အဝေးပြေးလမ်း ဖောက်လုပ်ရေးစီမံကိန်း အတွက် မြန်မာအစိုးရဘက်မှလည်း အကူအညီပေးရန် တိုက်တွန်းထားကြောင်း သိရှိရသည်။

ဘန်ကောက်ပို့စ် သတင်းစာ၏ ရေးသားဖော်ပြချက်အရ အဆိုပါစီမံ ကိန်းမှာ ထားဝယ်နှင့်ထိုင်း-မြန်မာ နယ်စပ်သို့ လေးလမ်းသွား ဖောက်လုပ်မည့် စီမံကိန်းပါဝင်ပြီး သိုလှောင် ကန်များ၊ ကျောက်မီးသွေးစက်ရုံ၊ စက် မှုဇုန်အတွင်းလမ်းဖောက်လုပ်မှု၊ အိမ်ရာဖော်ဆောင်မှု၊ အစိုးရရုံးအဆောက် အအုံများဆောက်လုပ်မှု၊ ရေပေးဝေမှု အစီအစဉ် ရေမြောင်းဖောက်လုပ်မှု  ရေဆိုးသန့်စင်ရေး စနစ်များပါ ထည့် သွင်းစီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ဒုတိယအဆင့် စီမံကိန်းကိုမူ ၂၀၁၈ ခုနှစ်တွင် စတင်အကောင်အထည် ဖော်မည်ဖြစ်ပြီး အဆိုပါအဆင့်တွင် ဈေးဝယ်စင်တာများ နှင့် ရှစ်လမ်းသွား လမ်းဖောက်လုပ်မှုများပါ ပါဝင်ကြောင်း သိရှိရသည်။

ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်မှု စီမံကိန်းအား အဆင့်သုံးဆင့်လျာထားပြီး ယေဘုယျအား  ဖြင့် လမ်းပန်းဆယ်သွယ်ရေး အနေဖြင့် ထားဝယ်ရေနက် ဆိပ်ကမ်းစက်မှုဇုန်နယ်မြေနှင့် ထိုင်းနိုင်ငံကစ်ရှနာ ဘူရီသို့ သွယ်တန်းဖောက်လုပ်မည့် ၁၀၅ မိုင်အရှည်ရှိ ရှစ်လမ်းသွားစူ ပါဟိုင်းဝေးကားလမ်းပါ ၀င်ကြောင်း၊ ထို့အတူ ရထားလမ်း၊ ဓာတ်အားလိုင်းများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ ပါဝင်မည်ဖြစ်ပြီး နယ်ခြားဝင်ထွက်ဇုန် များလည်း ပါဝင်မည်ဖြစ်သည်ဟု သိရှိရသည်။