Friday, July 6, 2012

ထားဝယ်ခရိုင် လောင်းလုံမြို့နယ်အတွင်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် ရေနံချက်စက်ရုံ တည်ဆောက်မည်ဖြစ်သောကြောင့် ရင်းဘုတ်ကျေးရွာ အပါအ၀င် ကျေးရွာအချို့အား ပြောင်းရွှေ့မှုများ ပြုလုပ်ရန်စီစဉ်နေ


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ်အတွင်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် ရေနံချက်စက်ရုံတစ်ရုံ တည်ဆောက်မည်ဖြစ်သောကြောင့် လောင်းလုံမြို့နယ် ရင်းဘုတ်ကျေးရွာအား ပြောင်းရွှေ့မှုများ ပြုလုပ်ရန်စီစဉ်နေကြောင်း လောင်းလုံမြို့နယ်အတွင်းရှိ ဒေသခံများထံမှ သိရှိရသည်။

ထို့ပြင် လောင်းလုံမြို့နယ် အတွင်းရှိ စမ်းလှန်း၊ ဂေါ့အင်းစသည့် ကျေးရွာများကို စီမံကိန်းဧရိယာအတွင်း ပါဝင်နေသောကြောင့် ပြောင်းရွှေ့ပေးရန်အတွက် လိုက်လံစည်းရုံးမှုများ ပြုလုပ်နေကြောင်းလည်း သိရှိရသည်။

အဆိုပါ ရေနံချက် စက်ရုံစီမံကိန်းတွင် တရုတ်နိုင်ငံမှ ၇၀ ရာခိုင်နှုန်း၊ ဦးပိုင်မှ ၂၀ ရာခိုင်နှုန်းနှင့် ထူးကုမ္ပဏီမှ ၁၀ ရာခိုင်နှုန်း ပါဝင်ကြောင်းလည်း အတည်မပြုနိုင်သေးသော သတင်းများအရ ဒေသခံများထံမှ သိရှိရသည်။

''လောင်းလုံမြို့နယ်ထဲမှာ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုနဲ့ အကြီးစား ရေနံချက်စက်ရုံတစ်ရုံ တည်ဆောက်မယ်လို့ သိရပါတယ်။ အဲဒီအတွက် လောင်းလုံမြို့နယ်ထဲက ရင်းဘုတ်ရွာက ပြောင်းရွှေ့ဖို့ လုပ်နေကြပြီ။ နောက်ပြီး စမ်းလှန်းနဲ့ ဂေါ့အင်းရွာတွေကိုလည်း ပြောင်းရွှေ့ပေးဖို့ လိုက်စည်းရုံးနေကြပါတယ်။ ရင်းဘုတ်ရွာရဲ့ လူဦးရေက အသက် ၁၈ နှစ်ပြည့်ပြီးတဲ့သူတင် ၁၅၀ ကျော်ရှိတယ်လို့ မဲပေးတုန်းက စာရင်းတွေအရ သိရှိရပါတယ်။ နောက်ပြီး စက်ရုံဖြစ်မြောက်ဖို့အတွက်ဆိုပြီး တခြားကျေးရွာတွေကိုလည်း ဖယ်ပေးဖို့ လိုက်စည်းရုံးနေတာ တွေ့ရပါတယ်''ဟု လောင်းလုံမြို့နယ်မှ ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

''ကျွန်တော်တို့ရွာတွေမှာ တရုတ်လူမျိုးတချို့နဲ့ မြန်မာတချို့ပါဝင်တဲ့သူတွေက မြေတိုင်းတာမှုတွေ ပြုလုပ်နေတာ ကြာပါပြီ။ သူတို့ ဘာစီမံကိန်းရှိလို့ တိုင်းတာနေကြမှန်းလည်း ကျွန်တော်တို့ မသိရပါဘူး။ ခုတော့ရေနံချက် စက်ရုံ ဆောက်ဖို့အတွက်ဆိုပြီး ရင်းဘုတ်ရွာကို ဖယ်ခိုင်းတယ်။ တခြားရွာတွေကိုလည်း ဖယ်ပေးဖို့ စည်းရုံးနေပါတယ်။ လောင်းလုံမြို့နယ်နဲ့ ကောက်လှိုင်းကျွန်းကိုလည်း တံတားထိုးဖို့ စီစဉ်ထားတယ် လို့လည်း သိရပါတယ်။ အခုကျွန်တော်တို့ ကြားရတဲ့ သတင်းတွေအရဆိုရင် ရင်းဘုတ်ဆိပ်ကမ်းကို အရှေ့အလယ်ပိုင်းက ရေနံစိမ်းသင်္ဘောတွေ ဆိုက်ကမ်းပြီး ရေနံသိုလှောင်ကန်ထဲ ထည့်မယ်။ ပြီးရင် ရေနံချက်စက်ရုံမှာ ရေနံချက်မယ်။ ပြီးရင် သန့်စင်မယ်။ ပြီးရင် သန့်စင်ပြီး ရေနံကို ရေနက်ဆိပ်ကမ်းမှာ ရှစ်လမ်းသွားလမ်းမကြီးနဲ့ ပိုက်လိုင်းပါ ပါတဲ့အတွက် သန့်စင်ပြီး ရေနံတွေကို ပိုက်လိုင်းနဲ့သယ်မယ်လို့လည်း ယူဆရပါတယ်။ အဲဒီအတွက် ရေနံချက် စက်ရုံရော ရေနံသန့်စင်စက်ရုံတွေပါ ဒီလောင်းလုံမြို့နယ်ထဲမှာ တည်ဆောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်''ဟု ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရေနံချက်စက်ရုံတည်ဆောက်ရန် လျာထားသော နေရာသည် ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် ထားဝယ်ကမ်းရိုးတန်းနှင့် တစ်ဆက်တစ်စပ်တည်း မနီးမဝေး၌ တည်ရှိနေသည်။ ရေနံချက်စက်ရုံသည် အီတာလျံ-ထိုင်း ကုမ္ပဏီက တည်ဆောက်မည့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်ခြင်းမရှိသော်လည်း စက်မှုဇုန်နှင့် ဆက်စပ် နေသည်ဟုယူဆရကြောင်းဒေသခံများ က ဆိုပါသည်။

တနင်္သာရီတိုင်းဒေသကြီး၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဇောတိက သဘာဝဓါတ်ငွေ့ စီမံကိန်း၊ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်းတို့ တည်ရှိနေသည်။