Monday, July 30, 2012

မြိတ်မြို့တွင် တည်ဆောက်မည့် မဂ္ဂါဝပ် ၅၀ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအတွက် တိုင်းဒေသကြီးအစိုးရနှင့် သန်းဖြိုးသူကုမ္ပဏီတို့ လက်မှတ်ရေးထိုး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအား (BOT) စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သန်းဖြိုးသူ သတ္ထုလုပ်ငန်း ကုမ္ပဏီလီမိ တက်တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇူလိုင်လ ၂၇ ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

''နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးတာက ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရလျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနနဲ့ သန်းဖြိုးသူ သတ္တုတူးဖော်ရေးကုမ္ပဏီတို့က မြိတ်မြို့မှာ ၅၀မဂ္ဂါဝပ်ထွက်ရှိမယ့် ကျောက်မီးသွေး သုံး ဓာတ်အားပေးစက်ရုံကို(BOT)စနစ်နဲ့ ပြုလုပ်ဖို့အတွက် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အရင်က လျှပ်စစ်ကို ရေအားလျှပ်စစ်ပေါ် အခြေခံပြီးတော့ အသုံးပြုခဲ့ကြတယ်။ ရေအားလျှပ်စစ်ဆိုတာကတော့ ရေမြေ သဘာဝမိုးလေ၀သ တောတောင်အခြေအနေပေါ် မူတည်တဲ့အတွက်ကြောင့် နွေရာသီမှာ ဓာတ်အားအပြည့်အ၀ မပေးနိုင်တဲ့ အခြေအနေမျိုး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ခဲ့တယ်။ ဒါတွေကြောင့် ကိုယ်တို့အနေနဲ့ လျှပ်စစ် ဓာတ်အားကို စဉ်ဆက်မပြတ် ထုတ်နိုင်မယ့် အခြေအနေကို ယူရမယ်လို့သိပြီး ဒီဓာတ်အားပေးစက်ရုံကိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အခုဆောက်မယ့် စက်ရုံကိုတောင် မြိတ်မြို့ကနေ ၁၇မိုင် လောက်ဝေးတဲ့ နေရာမှာ ဆောက်ဖို့ ရွေးထားပါတယ်။ ကုမ္ပဏီက ဒီစက်ရုံကို ၁၈ လနဲ့အပြီး ဆောက်လုပ်သွားဖို့ ရှိပါတယ်''ဟု တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီးဒေါက်တာဝင်းအောင်က ပြောကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးတွင် အကောင်အထည်ဖော်မည့် လျှပ်စစ်ဓာတ်အား စီမံကိန်းများမှာ ကံပေါက်ဒေသတွင် ကြယ်နီလာကုမ္ပဏီမှ တည်ဆောက်မည့် မဂ္ဂါဝပ် ၅၀ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း၊ ထားဝယ်မြို့မှ အရှေ့ဘက် ၁၅ မိုင်ခန့်အကွာရှိ သဘာဝစွမ်းအင်လိုင်း ကုမ္ပဏီမှတည်ဆောက်မည့် အညာဖျား ရေအားလျှပ်စစ်စက်ရုံ၊ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်လျက်ရှိသည့် ထိုင်းနိုင်ငံ ITD ကုမ္ပဏီမှ တနင်္သာရီမြစ်ပေါ်တွင် တည်ဆောက်မည့် မဂ္ဂါဝပ် ၉၀၀ ရေအားလျှပ်စစ်စီမံကိန်း၊ မြိတ်မြို့ရှိ မဂ္ဂါဝပ် ၅၀ ထွက်ရှိမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းတို့ကို စတင်လုပ်ကိုင်နိုင်ရန် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။