Tuesday, December 6, 2011

ပြည်ပရောက်မြန်မာများနှင့် ဒေသခံအများစု ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ၀င်ရောက်လုပ်ကိုင်ရန်အတွက် စုံစမ်းမှုများရှိ

လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တွင် ၀င်ရောက်လုပ်ကိုင်ရန်အတွက် ပြည်ပရောက်မြန်မာများ စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။

ပြည်ပရောက်မြန်မာများနှင့် ဒေသခံအများစုမှာ ထားဝယ်ဒေသရှိ ရင်းနှီး သူမိတ်ဆွေ သူငယ်ချင်းများထံမှနေ၍ ရေနက်ဆိပ်ကမ်းတွင် ၀င်ရောက်လုပ်ကိုင်ရန် ဆက်သွယ်စုံစမ်းမှုများရှိကြောင်း သိရှိရသည်။

''စင်ကာပူမှာရှိတဲ့ သူငယ်ချင်းက ဖုန်းဆက်ပြီးမေးလာပါတယ်။ သူတို့ဆီမှာ ထားဝယ်ရေနက်ဆိပ်ကမ်းက နာမည်ကြီးနေတယ်လို့ သိရပါတယ်။ ဒီမှာလာပြီး အလုပ်လုပ်ဖို့ မြန်မာနိုင်ငံသားအများစုက စိတ်ဝင်စား နေကြ တယ်။ လစာနဲ့ လုပ်ငန်းအခြေအနေကို သိချင်တယ်လို့ ပြောလာပါတယ်။ ကျွန်တော်ကလည်း စုံစမ်းပေးမယ်လို့ ပြောလိုက်တယ်။ လစာအနေအထား အဆင်ပြေရင် ကိုယ့်နိုင်ငံမှာပဲလာပြီး အလုပ်လုပ်တော့မယ်လို့ ဆိုပါတယ်။ အခုပြည်ပမှာက နေတာထိုင်တာတွေ လစာတွေမှာပါ အဆင်မပြေဖြစ်နေကြပါတယ်။ ဒေါ်လာဈေးက မငြိမ်တော့ သူတို့အတွက် မကိုက်တော့ဘူးလို့ ပြောပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းမှာက မြန်မာနိုင်ငံ သား အလုပ်သမားတွေကို မြန်မာငွေနဲ့ပဲ ရှင်းပေးတော့ အဆင်ပြေတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း စင်ကာပူရောက်နေတဲ့ သူငယ်ချင်းက ကိုယ့်မြေမှာပဲ အေးအေး ဆေးဆေး လာလုပ်တော့မယ်လို့ စဉ်းစားနေတာပါ။ လစာအနေအထားက ပြည်ပနိုင်ငံတွေလို လစာမျိုးဖြစ်ဖို့တော့ လိုတာပေါ့။ ဒီလိုဖြစ်ရင် ဒီကိုပြန်လာကြမယ့် မြန်မာတွေမနည်းဘူးလို့ သိရတယ်။ ဒီကမိဘတွေကလည်း ကိုယ့်နေရာမှာပဲလာပြီး အလုပ်လုပ်စေချင်ကြတယ်။ ပြည်ပမှာ ဆိုစိတ်မအေးရဘူးလေ'' ဟု ထားဝယ်မြို့ပေါ်မှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာအများစု လုပ်ကိုင်နေကြသော အိမ်နီးချင်းနိုင်ငံများတွင် သဘာဝဘေးဒဏ်များအပြင် ဗီဇာပြဿနာ၊ အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာများ ကြုံတွေ့နေရ၍ နေရပ်သို့ပြန်လာပြီး အလုပ်လုပ်ကိုင်ရန် စဉ်းစားနေသူ များလည်း အများအပြားရှိကြောင်း သိရသည်။

''အများစုက ဒီမှာအဆင်မပြေလို့ ပြည်ပထွက်ပြီး အလုပ်လုပ်နေကြတာလေ။ ဒီမှာသာအဆင်ပြေရင် ပြန်လာမယ့်လူတွေက ဒုနဲ့ဒေးပါ။ အခုလည်း ကျွန်တော့်လို ထိုင်းမှာရေကြီးပြီး ဒုက္ခဖြစ်လို့ ပြန်လာရတဲ့သူတွေ အများကြီးပါပဲ။ သူတို့က ထိုင်းကို ရေကျသွားရင် ပြန်သွားဖို့ရှိပေမယ့် ဒီကရေနက်ဆိပ်ကမ်းမှာ အလုပ်ရမယ်။ လစာအဆင်ပြေမယ်ဆိုရင် ဒီမှာပဲလုပ်မယ့်လူတွေ ရှိပါတယ်။ ကျွန်တော်လည်း ဒီလိုပဲ။ ရေနက်ဆိပ်ကမ်းမှာ အလုပ်ရဖို့ သွားစုံစမ်းမယ်။ လစာအနေအထား အဆင်ပြေရင် ထိုင်းကို ပြန်မသွားတော့ဘူး။ အဆင်မပြေရင်တော့ ထိုင်းမှာ ရေကျသွားရင် ပြန်ရတော့မှာပေါ့။ ဟိုမှာ လုပ်ရတာအဆင်ပြေလို့ သွားရတာပဲရှိတယ်။ ကိုယ့်နေရာဒေသမှာလိုတော့ ဘယ်လွတ်လပ်ပါ့မလဲ။ လစာ သိပ်မကွာရင်တောင် ဒီမှာပဲလုပ်မယ်လို့ စိတ်ကူးထားတယ်။ အခု ဒီထားဝယ်မှာ ထိုင်းကရေကြီးလို့ ပြန်လာ တဲ့သူငယ်ချင်းတွေကိုလည်း တွေ့ရတယ်။ သူတို့လည်း ထိုင်းကိုပြန်ပြီးသွားဖို့ စဉ်းစားနေပုံပါပဲ။ ထိုင်းမှာ  ကျွန်တော်တို့ ထားဝယ်သားတွေနဲ့ မွန်တွေ၊ ကရင်တွေကို အများဆုံး တွေ့ရတယ်။ အားလုံးအဆင်ပြေရင်တော့ ကောင်းတာပေါ့ဗျာ။ ကိုယ့်အိမ်ကိုရော မိဘတွေကို ရောခွဲပြီး သွားစရာ မလိုတော့ဘူးပေါ့'' ဟု ထိုင်းနိုင်ငံတွင် ရေကြီး၍ ပြန်လာခဲ့သူ အင်းကြီးရွာသားတစ်ဦးက ပြောပြသည်။

ပြည်ပရောက်မြန်မာနိုင်ငံသား အများစုမှာ မိမိနိုင်ငံသို့ ပြန်လာ၍ အလုပ်လုပ်ကိုင်ရန် နီးစပ်ရာ ဆွေမျိုး၊ မိတ်ဆွေများမှတစ်ဆင့် မေးမြန်းစုံစမ်းမှုများရှိနေပြီး ပြည်ပနိုင်ငံတွင်လည်း နီးစပ်သူအချင်းချင်း ပြောဆိုတိုင်ပင်၍ နေရပ်သို့ပြန်လာရန် စိတ်ကူးနေကြကြောင်း သိရသည်။ အဓိကအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် လစာအနေအထားပေါ်တွင် စဉ်းစားနေကြပြီး အဆင်ပြေမှုရှိပါက နေရပ်သို့ပြန်လာရန် မျှော်လင့်နေကြကြောင်း သိရသည်။