Thursday, December 22, 2011

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းအပေါ် ထားဝယ်ဒေသခံပြည်သူများ၏ သဘောထားထုတ်ပြန်ကြေငြာချက်

၁၅ ဒီဇင်ဘာ ၂၀၁၁

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ နဘုလယ်ဒေသတွင် တည်ဆောက် အကောင်အထည်ဖော်လျှက်ရှိပါသည်။ ၎င်းဒေသသည် အရှေ့တောင်အာရှတွင် အကြီးဆုံးရေနက်ဆိပ်ကမ်း ဖြစ်လာမည်ဟုသိရပြီး ဒေသတွင်း ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် အချက်အချာကျသောနေရာ ဖြစ်လာမည့်အပြင် ၎င်းအထူး စီးပွားရေးဇုန်အတွင်းရှိ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်လျှက်ရှိသည်ဟုသိရပါသည်။

နဘုလယ်ဒေသဆိုသည်မှာ ထားဝယ်တို့၏ရိုးရာအစဉ်အလာဓလေ့များ၊ ထားဝယ်မူရင်းစကား၊ သမိုင်းဝင်စေတီဘုရားများ၊ ရှေးမြို့ဟောင်းများ စသောတန်ဖိုးမဖြတ်နိုင်သည့် သမိုင်းအမွေအနှစ်များ တစ်စုတည်းရှိနေသေးသော နေရာဖြစ်သည်။ အိမ်ခြေရာချီရှိသောရွာကြီးများ၊ ဒေသခံများ၏ လူမှုစီးပွားရပ်တည်မှုအတွက် အထောက်အပံ့ဖြစ်စေသည့် ကြွယ်ဝသော သဘာဝပါတ်ဝန်းကျင် အရင်းအမြစ်များ ပြည့်စုံသောနေရာတစ်ခုဖြစ်သည်။ စီမံကိန်းနှင့်ပတ်သက်သော တရားဝင်စာ ရင်းများအရ နဘုလယ်ဒေသတွင် တည်ဆောက်မည့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ဧရိယာသည် ၂၅၀ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး ၎င်းနယ်နိမိတ်အတွင်း ရွာပေါင်းနှစ်ဆယ်ဝန်းကျင်နှင့် လူဦးရေ သုံးသောင်းနှစ်ထောင်ကျော် နေထိုင်လျှက် ရှိပါသည်။ မိမိတို့ဒေသခံများအနေဖြင့် ရေနက်ဆိပ်ကမ်းနှင့်အထူးစီးပွားရေး ဇုန်စီမံကိန်းကြောင့် လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး တိုးတက်မှုများဖြစ်ပေါ်လာမည်ဟု မျှော်လင့်သည့်အပြင် တိုင်းပြည်နှင့်ဒေသအတွက်လည်း ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေလိုပါသည်။ သို့ရာတွင် ဒေသခံပြည်သူများ ထောင်သောင်းချီ၍ပြောင်းရွှေ့ရမည်ဆိုပါက နှစ်ပေါင်းများစွာ တည်ငြိမ်အခြေကျ နေသောဘ၀များ အသစ်မှပြန်စရမည်ဖြစ်သကဲ့သို့ မိမိတို့ဒေသတွင်းရှိ ယုံကြည်ကိုးကွယ်မှုများ၊ ယဉ်ကျေးမှုများ၊ အတည်တကျ ဖြစ်နေသော အသက်မွေးမှုများ၊ ယခုအချိန်ထိကျန်ရှိနေသေးသော လူနည်းစုများအား အနည်းနှင့်အများဆိုသလို ထိခိုက်သက်ရောက်စေမည်ကို စိုးရိမ်မိကြသည့်နည်းတူ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် ဆန္ဒသဘောထားများကိုအခြေခံ၍ စီမံကိန်းအားဖော်ဆောင်ပါက စစ်မှန်ကောင်းမွန်သော ရေရှည်တည်တံ့သည့်ဖွံ့ဖြိုးမှုရရှိမည်ဟု ယုံကြည်ပါသည်။

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ပြည်ပမှလာရောက်ရင်းနှီးမြုပ်နှံမည့် လုပ်ငန်းများတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ၊ ရေနံဓါတုအခြေပြုစက်ရုံများနှင့် အခြားသောအလားတူ စက်မှုလုပ်ငန်းများ တည်ဆောက်မည်ဟုလည်း သိရှိရပါသည်။ ၎င်းစက်ရုံများကြောင့် သဘာဝ ပါတ်ဝန်းကျင်နှင့် ဒေသခံများ၏ကျန်းမာရေးကိုမထိခိုက်စေရန်နှင့် ရေရှည်တည်တံ့စေသောဖွံ့ဖြိုးမှုကို ဖြစ်စေမည့် ရင်းနှီးမြုပ်နှံမှုများဖြစ်စေရန် ဒေသခံများအနေဖြင့် ဆန္ဒရှိပါသည်။

မိမိတို့ဒေသခံများအနေဖြင့်လည်း မိမိတို့တိုင်းပြည်နှင့်ဒေသကောင်းကျိုးအတွက် အကောင်အထည် ဖော်နေသော ဖွံ့ဖြိုးရေးစီမံကိန်းတွင် နိုင်ငံတော်အစိုးရ၊ စီမံကိန်းအကောင်အထည်ဖော်သူများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဆန္ဒရှိကြပါသည်။ ထို့ကြောင့် ၎င်းဒေသရှိကျေးရွာများမှ ဒေသခံများကို ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(Dawei Development Association) မှ လေ့လာမေးမြန်းခဲ့ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်နှင့်ပက်သက်သော ဒေသခံများ၏သဘောထားများကို ထုတ်ပြန်ကြေငြာအပ်ပါသည်။
(၁) မိမိတို့ဒေသ၊ တိုင်းပြည်သာမက အခြားနိုင်ငံပေါင်းများစွာမှ ပြည်သူများအတွက်ပါ အကျိုးရှိစေမည့် စီမံကိန်းကြီးဖြစ်စေရန်ဆန္ဒရှိပြီး ရေရှည်တည်တံ့သော၊ စိမ်းလန်းသောဖွံ့ဖြိုးမှု (Sustainable Green Development) အပေါ်အခြေပြုသော စီမံကိန်းတစ်ခုဖြစ်စေရန်။
(၂) စီမံကိန်းကြောင့် ပြောင်းရွှေ့ရမှုများရှိပါက ဒေသခံများ၏အသက်မွေးမှုနှင့် ဘ၀တည်ငြိမ်မှုများ မပျက်စီးစေရန် ဒေသခံပြည်သူများ၏ ဆန္ဒသဘောထားများအားတောင်းခံကာ ၎င်းတို့အပေါ် အခြေပြု၍ အကောင်အထည်ဖော်စေလိုပါသည်။ စီမံကိန်းကြောင့် ယဉ်ကျေးမှု နယ်မြေများကို မထိခိုက်စေလိုဘဲ ဒေသခံတို့၏ အိမ်ခြံ၊ လယ်မြေ၊ ဥယျာဉ်ခြံမြေများ ထိခိုက်မှုရှိမည်ဆိုပါက နစ်နာမှုနှင့်ညီမျှသော တန်ဖိုးရှိသည့် လျော်ကြေးအား ကာယကံရှင် ပြည်သူများနှင့် ညှိနှိုင်းကာ တိကျသောပမာဏ၊ အချိန်ကာလ သတ်မှတ်ပေးရန်။
(၃) ပြည်ပမှလာရောက် ရင်းနှီးမြုပ်နှံမှုများသည် သဘာဝပါတ်ဝန်းကျင်နှင့် ဒေသခံများ၏ ကျန်းမာရေးကို မထိခိုက်စေသော လုပ်ငန်းအမျိုးအစားများ ဖြစ်စေလိုသောကြောင့် စီမံကိန်း မစတင်မီ သဘာဝပါတ်ဝန်း ကျင်ထိခိုက်မှုဆိုင်ရာ လေ့လာချက် (Environmental Impact Accessment - EIA) နှင့် လူမှုရေးထိခိုက်မှု ဆိုင်ရာလေ့လာချက်(Social Impact Accessment - SIA) များကို မြန်မာနိုင်ငံရှိ တသီးပုဂ္ဂလိက ပညာရှင်များနှင့် နိုင်ငံတကာ ပညာရှင်များ ပူးပေါင်း လုပ်ဆောင်စေလိုပြီး ဒေသခံပြည်သူများအား ပြန်လည် ရှင်းလင်း အသိပေး ညှိနှိုင်းရန်။
(၄) ရေရှည်တည်တံ့သော၊ စိမ်းလန်းသောဖွံ့ဖြိုးမှု (Sustainable Green Development) ဖြစ်စေရန် လွတ်လပ်သည့် အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ NGOများ၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ စီမံကိန်း အကောင်အထည်ဖော်သူများအကြား ဒေသခံများ၏ အကျိုးစီးပွားများနှင့် ဆန္ဒသဘောထားများအား ညှိနှိုင်းပြောဆိုဆွေးနွေး တိုင်ပင်ခွင့်များ ရှိစေရန် ဒေသခံများ၏ ဆန္ဒကို ဖေါ်ပြ တောင်းဆိုအပ်ပါသည်။

ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
DDA (Dawei Development Association)