Monday, January 2, 2012

ခြံပိုင်ရှင် ၃၆ ဦးအား ပထမသုတ်အဖြစ် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် လျော်ကြေးပေးမည်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်တွင် တည်ဆောက်ဆဲဖြစ်သော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ဧရိယာအတွင်း ပါဝင်သော ဒေသခံများ၏ ခြံမြေများအား အမြန်ဆုံး လျော်ကြေးပေးနိုင်ရန် တာဝန်ရှိသူများမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမသုတ်အဖြစ် လက်ရှိအဆောက်အအုံများ ဆောက်လုပ်ထားရာတွင် ပါဝင်သော ခြံပိုင်ရှင် ၃၆ ဦးအား ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် လျော်ကြေး စတင်ပေးအပ်သွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

''စီမံကိန်းတာဝန်ရှိသူတွေက မြေလျော်ကြေး အမြန်ဆုံးပေးနိုင်ဖို့အတွက် စီစဉ်နေတယ်လို့ ရွာထဲမှာလုပ်တဲ့ ညှိနှိုင်းအစည်းအဝေးပွဲမှာ တာဝန်ရှိသူတစ်ဦးက ပြောတာပါ။ အခုရောက်လာတဲ့သူက ဒီမှာရှိနေတဲ့ အထောက် အကူပြု အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဆွေနဲ့ မတူဘူး။ နေပြည်တော်က ရောက်လာတဲ့ မီးရထားဝန်ကြီးဌာန ဒုတိယ၀န်ကြီးလို့ ပြောတာပဲ။ သူက မြေကိုဧက အလိုက်မလျော်ဘဲ အပင်ထွက်နှုန်းအတိုင်း လျော်မယ်လို့ ပြောပါ တယ်။ ပေးအပ်မယ့် လျော်ကြေးငွေကို ဒေသခံတွေနဲ့ဆွေးနွေးပြီး သီဟိုဠ် ပထမတန်းစားကို ကျပ်ငါးသောင်း၊ ဒုတိယတန်းစားကို ကျပ် ၄၂၀၀၀၊ တတိယတန်းစားကို ကျပ်သုံးသောင်းနဲ့ တစ်ပင်အတွက် သတ်မှတ်ခဲ့ပြီး မြေသီးသန့် တစ်ဧကကို ကျပ်ငါးသိန်းအဖြစ် ညှိနှိုင်းသတ်မှတ်ခဲ့ပါတယ်။ ရော်ဘာကိုတော့ မသိရသေးပါဘူး။ လယ်မြေတွေကိုတော့ ပိုင်ရှင်တွေဘက်က တစ်ဧကကို ကျပ် ၂၅ သိန်း တောင်းပါတယ်။ ဒါကို သူတို့က ဈေးနည်းနည်းလျော့ပေးဖို့ ညှိနှိုင်းခဲ့ရာမှာ အဆင်မပြေခဲ့ပါဘူး။ အရင်က အဒေါ်တို့ခြံတွေကို ဧကအလိုက် လျော်မယ်ဆိုပြီး တန်ဖိုးဖြတ် လက်မှတ်ထိုးတာတွေ ပြန်ပြင်ရတော့မယ်။ အစကတည်းက ဒီလို တစ်ပင်ချင်းအလိုက် လျော်လိုက်ရင် ပြီးပြီ။ အခုပေးတဲ့ပုံစံကလည်း အရင်ကထက် အဆင်ပြေလာပေမယ့် ပြဿနာတော့ ရှိနေသေးတယ်။ အခုသူတို့ပေးတဲ့ တစ်ပင်အတွက်ဈေးက တစ်နှစ်အတွက်ပဲ ရှိသေးတယ်။ ကံပေါက်မှာ PTTE PI က လျော်ခဲ့သလို စီမံကိန်း ငါးနှစ်စာအတွက် တွက်ချက်ပြီးလျော်တာကို လိုချင်တာပါ။ ဒါမှလည်း အခြားလုပ်ငန်းပြောင်းဖို့ အခက်အခဲ မရှိမှာ။ အခုဒုတိယ၀န်ကြီးက ပထမသုတ်အဖြစ် လက်ရှိတည်ဆောက်ထားတဲ့ အဆောက်အအုံတွေအတွက် အသုံးပြုထားတဲ့ မြေပိုင်ရှင်တွေကို ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ စပြီးလျော်ပေးမယ်လို့ သိရတယ်။ ပြီးမှ နောက်ထပ်တစ်ဆင့် ပြီး တစ်ဆင့် လျော်ပေးသွားမယ်တဲ့။ အဒေါ့်ခြံက လမ်းကြောင်းဖောက်ရာမှာ ပါသွားတာ။ ဘယ်အချိန် လျော်ကြေးရမလဲမသိဘူး။ လျော်ကြေး အမြန်ဆုံးလိုချင်ရင် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပြောတယ်'' ဟု ထိန်ကြီးရွာမှ ခြံပိုင်ရှင်တစ်ဦးက ပြောပါသည်။

''အခုရေနက်ဆိပ်ကမ်းမှာ ပေးမယ့် လျော်ကြေးငွေက ကံပေါက်မှာ PTTE PI က လျော်ခဲ့သလို ရရှိနိုင်မယ် မထင်ဘူး။ PTTE PI  မှာက  ရုံးမြေနေရာနဲ့ ပိုက်လိုင်းဖြတ်သွားမယ့် နေရာတွေပဲပါတာဆိုတော့ လျော်ကြေးပေး ရတဲ့ပမာဏ နည်းပါတယ်။ ရေနက်ဆိပ်ကမ်းမှာက မြေဧရိယာ တစ်ခုလုံး ပါဝင်နေတာဆိုတော့ PTTE PI  ထက်စာရင် ပါဝင်တဲ့ခြံမြေတွေက များတယ်၊  ဒီတော့ လျော်ကြေးပေးရာမှာလည်း ပမာဏက များတာပေါ့။ ကံပေါက်မှာလို စီမံကိန်းနှစ် အတိုင်းတွက်ပြီးပေးရင် ပမာဏအများကြီး ဖြစ်သွားနိုင်တယ်။ ဒါကြောင့် သူတို့ လျော်မယ်ဆိုရင်တောင် တစ်နှစ်အတွက်ပဲလျော်ဖို့ ဖြစ်နိုင်တယ်။ ဒါကြောင့် ဒေသခံတွေအတွက် အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ တာဝန်ရှိသူတွေအနေနဲ့ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးသင့်ပါတယ်''ဟု ကံပေါက်ဒေသမှ ဇောတိက ပိုက်လိုင်းဖြတ်သန်းရာတွင် ခြံမြေပါဝင်ခဲ့၍ လျော်ကြေးငွေ ရရှိခဲ့သူတစ်ဦးက ပြောကြားသည်။  ထားဝယ်ရေနက် ဆိပ်ကမ်းဧရိယာမှာ ဧက ၅၀၀၀၀ ကျော်ခန့် ပါဝင်နေပြီး ဒေသခံများ၏ ခြံမြေများအပြင် ၀န်ကြီးဌာနပိုင် ခြံမြေများလည်း ပါဝင်ကြောင်း သိရသည်။