Thursday, January 10, 2013

ထားဝယ်အထူးစီးပွားရေးဇုန်၌ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရန် ထိုင်းနိုင်ငံမှ လာရောက်ဆွေးနွေး

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတစ်နေရာကို ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်

ထားဝယ် အထူးစီးပွားရေးဇုန်၌ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရန်အတွက် ထိုင်းနိုင်ငံဘက်မှ ဒီဇင်ဘာလ၂၁ရက်နေ့က လာရောက်ဆွေးနွေးခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ လာရောက်တွေ့ဆုံရာတွင် ထိုင်းနိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဝန်ကြီးဌာန ၀န်ကြီး Adudith Nakornthap ဦးဆောင်သောအဖွဲ့မှ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းနှင့် တွေ့ဆုံပြီး ထားဝယ် အထူးစီးပွားရေးဇုန်၌ ဆက်သွယ်ရေးကွန်ရက်များ တည်ဆောက်ရန်၊ ရေနံရှာဖွေတူးဖော်ရေး ဆောင်ရွက်လျက်ရှိသည့် ထိုင်းရေနံကုမ္ပဏီမှ ၎င်းတို့ လုပ်ငန်းအတွက် ဆက်သွယ်ရေးလို အပ်ချက် ဖြည့်ဆည်းနိုင်ရန်အတွက်  မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တိုက်ရိုက် ရေအောက် ဖိုင်ဘာကေဘယ်လ်ချိတ် ဆက်ခွင့်ရရှိရေးတို့အား ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''သူတို့ ထိုင်းနိုင်ငံကနေပြီးတော့ သူတို့လုပ်ငန်းမှာသုံးဖို့ Network တည်ထောင်ပြီး သူတို့နိုင်ငံနဲ့ တိုက်ရိုက်ချိတ်ဆက်ဖို့ လုပ်ချင်တာ။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ဥပဒေအရ အဲဒီလို လုပ်ခွင့်မရှိပါဘူး။ သူတို့ Network တည်ဆောက်မယ်ဆိုရင်လည်း ဆယ်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနကနေ ခွင့်ပြုချက်ယူရပါမယ်။ ပြည်ပနိုင်ငံကို တယ်လီဖုန်းခေါ်ဆိုမှုတွေ ထွက်ရင်လည်း မြန်မာနိုင်ငံပိုင် Gateway ကနေပဲ ထွက်ခွင့်ရှိပါတယ်။ သူတို့လုပ်မယ်ဆိုရင် ခုနက ပြောခဲ့သလို ဥပဒေတွေရှိပါတယ်။ အဲဒီဥပဒေအတိုင်း လုပ်မယ်ဆိုရင်တော့ရပါတယ်။ ဥပဒေကို ကျော်ပြီး တော့ လုပ်လို့မရပါဘူး။ အခုသူတို့ကလည်း ဥပဒေဘယ်လိုရှိလဲ၊ ဘယ်လိုမျိုးလဲဆိုပြီး လေ့လာနေပါတယ်'' ဟု မိုဘိုင်း အင်ဂျင်နီယာချုပ်က ပြောကြားသည်။

ယင်းသို့ ဆွေးနွေးရာတွင် GMS Superhighway ဆက်ကြောင်းနှင့် နှစ်နိုင်ငံ နယ်ခြားဖြတ်ကျော် ဖိုက်ဘာကွန်ရက်များအား ပိုမိုထိရောက်စွာ အသုံးပြုနိုင်ရေး၊ မြန်မာနှင့် ထိုင်းအကြား Roaming တိုးချဲ့ဆောင်ရွက်နိုင်ရေး စသည်တို့ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။