Sunday, May 5, 2013

ထားဝယ်ရေနက်ဆိပ်ကမ်း အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရေး သမ္မတဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ်တို့ ဘရူနိုင်း၌ ဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာ တို့သည် ဧပြီ ၂၅ ရက် မွန်းလွဲ ၂ နာရီက ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘန်ကာဝန်ရှိ ၀န်ကြီးချုပ်ရုံး အဆောက်အအုံတွင် ထပ်မံတွေ့ဆုံခဲ့ကြကြောင်း အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက် သတင်းရယူနေသည့် Eleven Media Group မှ ကိုနေထွန်းနိုင်က တိုက်ရိုက်သတင်းပေးပို့သည်။

ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့တဲ့နေရာမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကိစ္စကို ဆက်လက်ပြီးတော့ သွက်သွက်လက်လက်နဲ့ မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ဖို့အတွက် ပိုမိုညှိနှိုင်း ဆောင်ရွက်သွားမယ့် ကိစ္စတွေ ဆွေးနွေးခဲ့တယ်...

အဆိုပါ တွေ့ဆုံမှုသည် (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်သော နှစ်နိုင်ငံ ခေါင်းဆောင်များ သီးခြားတွေ့ဆုံခဲ့သည့် အစည်းအဝေးဖြစ်သည်။

တစ်နာရီနီးပါးခန့် ကြာမြင့်သော ယင်းတွေ့ဆုံမှုတွင် မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား ပူးပေါင်းလုပ်ဆောင်နေ သည့် ထားဝယ်ရေနက် ဆိပ်ကမ်းဆိုင်ရာ ကိစ္စရပ်ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

''ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့တဲ့နေရာမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကိစ္စကို ဆက်လက်ပြီးတော့ သွက်သွက်လက်လက်နဲ့ မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ဖို့အတွက် ပိုမိုညှိနှိုင်း ဆောင်ရွက်သွားမယ့် ကိစ္စတွေ ဆွေးနွေးခဲ့တယ်'' ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဆွေးနွေးပွဲအပြီးတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။

ယခုဆွေးနွေးပွဲတွင် စီမံကိန်း နောက်ဆုံးအဆင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနမှ Permanent Secretary မစ္စတာ Sihasak Phuangketkeow က Eleven Media Group သို့ ပြောပါသည်။

''နောက်ဆုံးအဆင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ ဒါတွေက ဆွေးနွေးပြီးသား ကိစ္စတွေ ဖြစ်ပါတယ်။ အခုချိန်မှာ စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ဂျပန်နိုင်ငံကို ဖိတ်ခေါ်ထားပါတယ်။ အရင်ကတော့ အဓိက ရင်းနှီးမြှုပ်နှံသူက မြန်မာနဲ့ထိုင်း နှစ်နိုင်ငံတည်းပါ။ အခု ဂျပန်နိုင်ငံကို ဖိတ်ခေါ်ထားပြီး ဖြစ်တဲ့အတွက် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေကို ထပ်မံဆွေးနွေးတဲ့ သဘောပါပဲ'' ဟု မစ္စတာ Sihasak Phuangketkeow က ပြောသည်။

ထားဝယ်ရေနက် ဆိပ်ကမ်းအတွက် ဂျပန်နိုင်ငံကို သာမက မည်သည့် နိုင်ငံကိုမဆို ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်သွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံက စီမံကိန်းကို စိတ်ဝင်စားနေသည့် အတွက် ဖိတ်ခေါ်ရခြင်း ဖြစ်သည်ဟှု Sihasak Phuangketkeow က ဆက်လက် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် ထားဝယ်ရေနက် ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံမှုတွင် ဂျပန်နိုင်ငံ ပါဝင်လာမည်ကို ကြိုဆိုကြောင်း ပြောပါသည်။

မြန်မာသမ္မတနှင့် ထိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံမှုတွင် ရေနက်ဆိပ်ကမ်း ကိစ္စသာမက နိုင်ငံရေး ဖြစ်ပေါ်တိုး တက်မှုနှင့် တိုင်းရင်သား ဒေသများတွင် ဖြစ်ပွားနေသော ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

''မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုကို ကြိုဆိုပါတယ်။ မကြာသေးမီက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ပင်ထားတာတွေကို ဥရောပ သမဂ္ဂက ဖျက်သိမ်းပေးလိုက်တာ ကိုလည်း ကျွန်တော်တို့ ကြိုဆိုပါတယ်'' ဟု Sihasak Phuangketkeow က ပြောကြားခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအား ထိုင်းနိုင်ငံမှ အီတာလျံထိုင်း အများပိုင် ကုမ္ပဏီက တာဝန်ယူ လုပ်ကိုင်လျက်ရှိပြီး စီမံကိန်း စတင်သည်မှ နှစ်နှစ်အတွင်း ရင်းနှီးမြှုပ်နှံရန် ငွေကြေးအခက်အခဲ ဖြစ်ပေါ်မှုများ ရှိခဲ့ကြောင်းနှင့် ထိုသို့ငွေကြေး အခက်အခဲအား ဖြေရှင်းနိုင်ရန်အတွက် ဂျပန်နိုင်ငံမှ မြှုပ်နှံသူများနှင့်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်ပြီး ထားဝယ်ဒေသမှာ နိုင်ငံခြားသား လုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုကို ရရှိလာခဲ့ပြီး ကမ်းခြေအပန်းဖြေမှု လုပ်ငန်းများ ပြုလုပ်ရန် ကမ်းရိုးတန်း တစ်လျောက်ရှိ ကျွန်းများနှင့် ကမ်းခြေများအား လေ့လာလျက်ရှိကြောင်း သိရှိရသည်။ ပြီးခဲ့သည့် မတ် ၂၁ ရက်ကလည်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့်အတူ ဟောင်ကောင်နှင့် မလေးရှားဘက်မှ စီးပွားရေး လုပ်ငန်းရှင်များက ထားဝယ် အထူးစီးပွားရေးဇုန် အနီးရှိ ကျွန်းများကို လာရောက်လေ့လာခဲ့ကြပြီး အပန်းဖြေစခန်း ဆောက်လုပ်ရန် လာရောက်လေ့လာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ အဖွဲ့သည် ထားဝယ်ခရိုင်အတွင်း ကမ်းခြေအနီးရှိ မောင်းမကန်ဘုတ်ကျွန်း၊ လောင်းလုံးဘုတ်ကျွန်း၊ ဟိန္ဇဲဘုတ်ကျွန်းနှင့် သောက်ရေကန်ကျွန်းများကို လေ့လာသွားကြောင်း သိရှိရပြီး လောင်းလုံးဘုတ်ကျွန်းမှာ ထားဝယ်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် ထားဝယ်ဖွံ့ဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီ (DDPC) မှ အပန်းဖြေစခန်း ဆောက်လုပ်ရန်အတွက် စီစဉ်လျက်ရှိကာ မောင်းမကန် ဘုတ်ကျွန်းကိုမူ တနသာင်္ရီ ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ(TDDPC) က အပန်းဖြေစခန်း ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။