ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲအတွင်းရှိ မြေးခံဘော်ကျေးရွာအုပ်စုအနီးမှ တနသာင်္ရီ သဘာဝထိန်းသိမ်းရေး ကြိုးဝိုင်းစီမံကိန်း ဧရိယာ(လူဝိုင်းကြိုးဝိုင်း)အတွင်း First Re-source Co;Ltd မှ ခဲမဖြူနှင့် သတ္တုရောရာ တူးဖော်ရန် လျှောက်ထားနေမှုအား ဒေသခံများမှ ကန့်ကွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မြေးခံဘော်ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း (၁၂) ရွာမှ ဒေသခံရွာသား ( ၇၉၈)ဦးတို့က လက်မှတ်ရေးထိုး၍ ၎င်းစီမံကိန်း ဆောင်ရွက်မည်ကို ကန့်ကွက်ကြောင်း အသိပေးကြေညာခဲ့ကြောင်း သိရသည်။
"သစ်တောကြိုးဝိုင်းအတွင်းမှာ သတ္တုတူးမယ့်ကိစ္စကို ကန့်ကွက်ကြောင်း KNU အစိုးရရော၊ တိုင်းဒေသကြီးအစိုးရနဲ့ သစ်တောဌာန၊ သတ္တုဌာနတွေကို စာပို့ထားတယ်။ ဒေသခံတနင်္သာရီဂျာနယ်မှာလည်း စီမံကိန်းကို ဒေသခံတွေကန့်ကွက်ကြောင်း ကြေညာထားခဲ့တယ်။ ကုမ္ပဏီတွေအနေနဲ့ စီမံကိန်းတွေ ဆောင်ရွက်တော့မယ်ဆိုရင် ဒေသခံတွေကို အသိပေးပြီးမှ ခွင့်ပြုချက်ယူသင့်တယ်။ သတ္တုတူးဖော်ဖို့အတွက် စမ်းသပ်ဖို့ တစ်ကွက်မှာ ဧက ၅၀ ပါတဲ့ အကွက် ၈ ကွက်အတွက် ဧက ၄၀၀ ယူမယ်လို့ပြောတယ်။ အဲဒါကိုအုပ်ချုပ်ရေးမှူးက လက်မှတ်ထိုးပြီး ခွင့်ပြုပေးလိုက်တယ်။ ခဲမဖြူနဲ့ သတ္တုရောရာ တူးမယ်လို့ ကုမ္ပဏီက စာထဲမှာဖော်ပြထားတယ်။ ကြိုးဝိုင်းထဲမှာ သတ္တုတူးလိုက်ရင် သစ်တောတွေပျက်စီးမယ့်အပြင် အောက်ဘက်မှာရှိနေတဲ့ ခမောင်းသွယ်ချောင်းနံဘေးက ကျေးရွာ ၁၀ ရွာက သောက်သုံးရေအတွက် အခက်အခဲဖြစ်သွားနိုင်တယ်။ နောက်ပြီး ချောင်းထဲက ရေနေသတ္တ၀ါတွေလည်း ရှိတော့မှာမဟုတ်ဘူး။ အုပ်ချုပ်ရေးမှူးကတော့ ဒီကိစ္စကို ရွာသားတွေလက်မခံရင် ကုမ္ပဏီဘက်က လုပ်ငန်းစလို့ မရနိုင်ဘူးလို့တော့ပြောတယ်"ဟု CSLD (လူထုအခြေပြု ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ)မှ ဦးစောကဲဒိုက ပြောကြားသည်။
မေတ္တာမြို့နယ်ခွဲအတွင်းရှိ ဘ၀ပင်မိုင်းတွင်းနှင့် ဟိန္ဒာသတ္တုမိုင်းများကြောင့် အနီးရှိချောင်းများ ညစ်ညမ်းခဲ့ရပြီး ချောင်းအတွင်းရှိ ရေနေသတ္တ၀ါများ မျိုးသုဉ်းပျောက်ကွယ်သွားခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်လာ၍ လူနေအိမ်ခြေနှင့် စိုက်ပျိုးထားသော ဥယျာဉ်ခြံမြေများ ဆုံးရှုံးခြင်း၊ ချောင်းရေကိုသာ မှီခိုနေရသော ဒေသခံများ သောက်ရေသုံးရေအခက်အခဲနှင့် ကျန်းမာရေးပြဿနာများ ရင်ဆိုင်လာရခြင်းများ ကြုံတွေ့ခဲ့ရသဖြင့် ယင်းစီမံကိန်းဆောင်ရွက်ပါက ဒေသခံများ ထိခိုက်ခဲ့သည့် အခြေအနေအတိုင်း ကြုံတွေ့ရနိုင်သဖြင့် စုပေါင်းလက်မှတ်ရေးထိုးကာ ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဒေသခံများ၏ ကြေညာချက်တွင် ဖော်ပြထားချက်အရ သိရသည်။