Friday, March 18, 2011

ထားဝယ်အထူးစီးပွာရေးဇုန်ဥပဒေ ရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်

(၁၈ - ၂၄ ၊ ၃ ၊ ၂၀၁၁)

အိမ်နီးချင်းနိုင်ငံအချို့နှင့် မြန်မာနိုင်ငံအကြား မဟာဗျူဟာကျသော ဆက်သွယ်မှုတစ်ခုဖြစ်လာမည့် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်အတွက် သီးခြားဥပဒေကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့၌ နိုင်ငံတော်က ထုတ်ပြန်ခဲ့သည်။

ယင်းထားဝယ် အထူးစီးပွားရေးဇုန် (အက်စ်အီးဇက်)ဥပဒေကို ဇန်န၀ါရီ ၂၇ ရက်နေ့တွင် မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း သီးခြားပေါ်ထွက်လာခြင်း ဖြစ်သည်။

ထားဝယ် အက်စ်အီးဇက်ဥပဒေသည် မြန်မာအက်စ်အီးဇက်ဥပဒေကဲ့သို့ပင် အခန်း ၁၂ ခန်း ပါဝင်သည်။ ရင်းနှီး မြှုပ်နှံမှုများ ဆောင်ရွက်နိုင်သည့် စီးပွားရေး ဇုန်ကြီးကိုးခု ပါဝင်သည်။

အဆင့်မြင့်နည်းပညာ စက်မှုဇုန်များ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဇုန်များ၊ ပို့ကုန်ပစ္စည်း ထုတ်လုပ်မှုဇုန်များ၊ ဆိပ်ကမ်းနယ်မြေ ဇုန်များ၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးဇုန်များ၊ သိပ္ပံနှင့် နည်းပညာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဇုန် များ၊ ၀န်ဆောင်မှုလုပ်ငန်းဇုန်များ၊ တစ်ဆင့်ခံ ကုန်သွယ်မှုဇုန်များ၊ အစိုးရက အခါအားလျော်စွာ သတ်မှတ်သည့်ဇုန်များ ဖြစ်သည်။

အခန်း ၄၊ ထားဝယ်အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အပိုဒ် ၉ (ခ)တွင် ဥက္ကဋ္ဌသည် ထားဝယ်အထူးစီးပွားရေး ဇုန်ကိစ္စများနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံး ၀န်ကြီးမှတစ်ဆင့် နိုင်ငံတော် သမ္မတကို တိုက်ရိုက် တာဝန်ခံ ဆောင်ရွက်ရမည်ဟု ပါရှိသည်။

"ထားဝယ် အက်စ်အီးဇက်ဥပဒေထဲမှာ သမ္မတက တိုက်ရိုက်ကိုင်တယ်လို့ ကြားတယ်။ ၀န်ကြီးဌာနကို ဖြန့်ရင် အလုပ်ရှုပ်နေမှာစိုးလို့ အချိန်မြန်မြန် ဆောင်ရွက်လို့ရအောင်လို့ပေါ့"ဟု ကုန်သည်/စက်မှုအသင်းချုပ် ဒုဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။

"အက်စ်အီးဇက်ဥပဒေက ငါးနေရာ စလုံးကို ခြုံငုံပြီးလုပ်တာ။ အက်စ်အီးဇက် ဥပဒေရှိမှလည်း ရင်းနှီးမြှုပ်နှံသူတွေ လာချင်မှာ။ အခုက ထားဝယ်ရေနက် ဆိပ်ကမ်းကို အဓိကထားပြီး လုပ်တာ။ သူက အဲဒီအတွက် သီးခြားဥပဒေတစ်ခု လုပ်တာ။ ထိုနည်းတူစွာပဲ မူဆယ်၊ မြ၀တီ စတာတွေကလည်း စီးပွားရေးဇုန်ပဲ။ ဒါပေမယ့် တစ်နေရာနဲ့တစ်နေရာ မတူဘူး။ အဲဒီအတွက် အာဏာပိုင်အဖွဲ့ တစ်ဖွဲ့ ဖွဲ့ရ မယ်။ အစိုးရသစ်ကဖွဲ့ပေးရမယ်။ ဖွဲ့တဲ့အခါမှာလည်း လွယ်ကူအောင် One Stop ၀န်ဆောင်မှုဖြစ်အောင်လုပ်နေတာ။ အက်စ်အီးဇက် ဥက္ကဋ္ဌဟာ ၀န်ကြီးအဆင့်လောက်ကို လုပ်ပိုင်ခွင့်ပေးရမယ်။ ဥပဒေထဲမှာ ဘယ်လိုကျယ်ကျယ်ပြန့်ပြန့် လုပ်မယ် ဆိုတာတွေ ဖော်ပြ ထားတယ်"ဟု ၎င်းက ပြောကြားသည်။

Source: http://www.myanmar.mmtimes.com/2011/property/510/buss04.html