Tuesday, April 26, 2011

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဒေသခံတို့အတွက် မျှော်လင့်ချက်ရောင်နီများ တောက်ပလာ နိုင်မလား

(၂၂ - ၂၈ ၊ ၄ ၊ ၂၀၁၁)



မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်အဖြစ် ပထမဆုံးပေါ်ထွက်လာမည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်ပြီး ထားဝယ်မြို့ခံများ၏ ခံယူချက် အမြင်သည် အကောင်းအဆိုး ဒွန်တွဲ လျက်ရှိနေသော်လည်း စီးပွားရေးဖွံ့ဖြိုးမှု နှင့်ဆက်စပ်သည့်အမြင်မှာမူ ပိုမို ပွင့်လန်းလာကြောင်း မြို့ခံများက မြန်မာတိုင်း(မ်)နှင့်တွေ့ဆုံစဉ် ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးမြို့တော် ဖြစ်သော ထားဝယ်မြို့သည် ရန်ကုန်မြို့မှ မိုင် ၃၈၀ ကျော် ကွာဝေးပြီး ကပ္ပလီ ပင်လယ်ပြင်မှ ၁၈ မိုင်ခန့် ကွာသည့် နေရာတွင် တည်ရှိသည်။

ထားဝယ်သည် ယခုတစ်နှစ်တာ ကာလအတွင်း၌ ရေနက်ဆိပ်ကမ်း ပြုလုပ်မည်ဆိုသည့်သတင်းကြောင့် အများ၏ အထူးစိတ်ဝင်စားမှု တစ်မုဟုတ်ခြင်း ရရှိလာသည့်ဒေသ လည်းဖြစ်လာသည်။

အမှန်မှာ ရေနက် ဆိပ်ကမ်းပြုလုပ်မည်ဟု လျာထားသည့် နေရာသည် ထားဝယ်မြို့တွင် မဟုတ်ဘဲ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ တွင်သာ ဖြစ်သည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုသည့် အမည်ထက် ယခုအခါ ထားဝယ် အထူး စီးပွားရေးဇုန်စီမံကိန်းအဖြစ် သတ်မှတ်ကာ ထိုင်းနိုင်ငံ အခြေစိုက် အီတာလျံ ထိုင်းကုမ္ပဏီက ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မည်ဖြစ်ပြီး ၎င်းကို ကူညီထောက်ပံ့ရန် အစိုးရဌာနများ ပူးပေါင်း ပါဝင်သည့် အထောက်အကူပြု အဖွဲ့ကိုလည်း ယာယီဖွဲ့စည်းထားရှိပြီး ဖြစ်သည်။

သို့ရာတွင် နဘုလယ်ဒေသထက် အများ သိထား သည့် ထားဝယ်မြို့သည် စီးပွားရေးလုပ်ငန်းများ အခြေချရန် ကနဦး အဓိကကျသော နေရာဖြစ်လာ သဖြင့် ရေရှည်အကျိုးအတွက် မျှော်ကိုးကာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု အပိုင်းတွင် ယခုတစ်နှစ်တာအတွင်း အပြောင်း အလဲကြီး ဖြစ်လာတော့သည်။

ထိုအပြောင်းအလဲနောက်တွင် ထားဝယ်၌ ယခင်က မရှိခဲ့ဖူးသော အိမ်ခြံ မြေဈေးကွက်တစ်ခု ကမန်းကတန်း ဖြစ်ပေါ်လာသည်။ အိမ်ခြံမြေလုပ်ငန်းမှ လွဲပြီး အခြားစီးပွားရေးလုပ်ငန်းပိုင်း တွင်မူ သိသာထင်ရှားသည့် အပြောင်း အလဲများ ဖြစ်ပေါ်လာခြင်းမတွေ့ရ သေးချေ။ သို့သော် ကျန်စီးပွားရေးနှင့် လူနေမှု အဆင့်များလည်း တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲလာတော့မည်ဟု မြို့ခံများက မျှော်လင့် နေကြပြီး အချိန်ကာလ တိုတောင်းသေးသောကြောင့် ဖြစ်ပေါ် လာနိုင်ဖွယ်ရှိသည့် အနေအထားကိုမူ တစ်ထစ်ချပြောဆို နိုင်ခြင်း မရှိချေ။

"ရေနက်ဆိပ်ကမ်းဆိုတဲ့ဟာကို စတင်ကြားတုန်းက ဘာမှန်း မသိဘူး။ ပြီးတော့ ဆိပ်ကမ်းဆိုတော့ ကိုယ်သိသလောက် ဗောတံတား တွေ ဘာတွေ ဆောက်မယ်ပေါ့။ ဒါပေမယ့်လည်း အဲဒါလုပ်မယ်ဆိုတဲ့ နဘုလယ်ကမ်းခြေနားမှာ ဘာမှတောင် မရှိဘူး။ အချိန်တို အတွင်းဆိုတာတော့ သိတာပေါ့နော်။ အခုချိန်ထိတော့ ထူးထူးခြားခြား အပြောင်းအလဲဆိုတာ မတွေ့ဘူး"ဟု ထားဝယ်မြို့သား အသက် ၂၅ နှစ်အရွယ် ကိုလင်းရှိန်က ဆိုသည်။

သို့ရာတွင် ထားဝယ်မြို့သို့ တရုတ်နှင့် ထိုင်းလူမျိုးအ၀င် အထွက်များပြားလာကြောင်း၊ ယခင်က ထားဝယ်မြို့မှ ထိုင်းနိုင်ငံသို့ အလုပ် သွားရောက်လုပ်ကိုင်သူအချို့လည်း ပြန်လည်ရောက်ရှိလာကာ ရေနက်ဆိပ်ကမ်းနှင့်ပတ်သက်ပြီး အလုပ်အကိုင်အခွင့်အလမ်း ကောင်းမွန်မှုရှိမရှိ ပြန်လည်စုံစမ်း လာကြသည်ဟုလည်း မြို့ခံများကဆိုသည်။

"ဧည့်သည်အ၀င်အထွက်များလာတော့ တည်းခိုခန်းတို့ ဟိုတယ်တို့ အဆင်ပြေလာသလို ဆိုင်ကယ်ကယ်ရီတို့၊ သုံးဘီး တုတ်တုတ် တွေလည်း အလုပ်ဖြစ်လာတယ်။ တချို့ဧည့်သည် တွေက နဘုလယ်ဘက်ကို ပုတ်ပြတ်ငှားကြတယ်။ မြေကွက်တွေ သွားကြည့် တာပေါ့။ အဲလိုရရင် တုတ်တုတ်ဆွဲရတာ အဆင်ပြေတယ်"ဟု သုံးဘီးတုတ်တုတ် ဆွဲနေသူ ကိုဇင်မောင်ဦး က ဆိုသည်။

ထားဝယ်မြို့၏ အဓိကစီးပွားရေးမှာ ရော်ဘာခြံ၊ သီဟိုဠ်ခြံ၊ ကွမ်းခြံများစိုက်ပျိုးခြင်းနှင့် ရေလုပ်ငန်းမှာ အဓိကဖြစ်သည်။

သို့ရာတွင် ထားဝယ်မြို့ခံ လူငယ်အများစုမှာ ထိုင်းနိုင်ငံ ဘက်တွင် အထွေထွေလုပ်သားများအဖြစ် အလုပ်သွားရောက် လုပ်ကိုင်ကြပြီး ထားဝယ်ရေနက်ဆိပ်ကမ်းသတင်းကြောင့် အလုပ်အကိုင်အခြေအနေ အပြောင်းအလဲ ရှိကောင်း နိုးဖြင့် ပြန်လည်သတင်းစုံစမ်းမှု များလည်း လုပ်လာကြကြောင်း ဒေသခံများက ဆိုသည်။

"ဟိုဘက်မှာ သွားလုပ်ရင် တစ်နေ့ကို ကျပ် ၆,၀၀၀ လောက် ရတော့ ဒီကနေ သွားလုပ်ကြတယ်။ ဒီမှာက အထွေထွေ လုပ်သား တစ်ယောက် ရတဲ့နေ့တွက်ခက အများဆုံး ၄,၅၀၀ လောက်ပဲရတာလေ။ ဒါပေမယ့် ရေနက်ဆိပ်ကမ်းဆိုတဲ့ အသံကြားကတည်းက ဒီဘက်ကိုပြန်လာပြီး လစာအခြေ အနေ ပြန်လာမေးကြတယ်။ ကြားရသလောက် ဒီမှာ အထွေ ထွေ လုပ်သားတွေအတွက်လစာက ကျပ် ၃,၅၀၀ ၀န်းကျင် လောက်ပဲရတော့ မူလနေရာကိုပဲ ပြန်သွားကြတယ်" ဟု မြောက်ရွာရပ်ကွက်မှ အသက် ၃၀ အရွယ် မမေသော် က ဆိုသည်။

စီမံကိန်းသည် နှစ်ရှည်ဆောင်ရွက်မည်ဖြစ်သောကြောင့် လည်း အချို့ဒေသခံများက ဒေသဖွံ့ဖြိုးမှုနှင့်ပတ်သက်ပြီး ကောက်ချက်ချရန် စောနေသေးသည်ဟုလည်း ဆိုကြသည်။

"ပထမကြားတုန်းကတော့ ဒီစီမံကိန်းစရင် ဒေသခံတွေကို ဦးစားပေးပြီး အလုပ်ပေးမယ် ဆိုပြီး ကြားတယ်။ လုပ်ငန်းစကတည်းက ဒီရွာတစ်လျှောက်က အလုပ်သမား ၄၀၊ ၅၀ လောက်ပဲ ငှားတာပါ။ အခုတော့ ခဏရပ်ထားတော့ အဲဒီမှာ ထိုင်းတွေပဲရှိတယ်"ဟု နဘုလယ်ဒေသ၊ ထိန်ကြီးကျေးရွာမှ ရွာလူကြီးတစ်ဦးက ပြောသည်။

"ရေရှည်ဆိုရင်တော့ ဒီနေရာက စီးပွားရေးကောင်းလာမှာပဲ။ တချို့ကလည်း ရေရှည်ကိုမျှော်ပြီး ကိုယ့်ခြံကွက်ကလေးတွေကို မရောင်းဘဲထားကြတယ်။ ဒီထက်ပိုပြီး ကောင်းလာမလား ဆိုပြီးတော့ပေါ့။ ဒီမှာ ခြံပိုင်တဲ့သူတွေက အနည်းဆုံး ငါးဧက လောက်တော့ ပိုင်ကြတယ်"ဟု ၎င်းက ဆက်ပြောသည်။

၎င်းအနေဖြင့် လက်ရှိအနေအထားကိုကြည့်ပြီး ထပ်မံ ကောင်းမွန်လာမှု ရှိမရှိဆိုသည်ကိုမူ ပြောရန်စောသေးသည် ဟုလည်း ပြောသည်။

အရှေ့တောင်အာရှတွင် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးအတွက် အခရာကျလာမည့် အဆိုပါရေနက်ဆိပ်ကမ်းနှင့် ထားဝယ် အထူးစီးပွားရေးစက်မှုဇုန် စီမံကိန်းကို အကောင် အထည်ဖော်ရန် ၂၀၀၈ ခုနှစ်ခန့်ကပင် အီတာလျံထိုင်း ကုမ္ပဏီက အချက်အ လက်များ ကောက်ယူခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂ ရက်နေ့က မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

ထိုသို့ချုပ်ဆိုပြီးနောက်တွင် ထားဝယ်အထူးစီးပွားရေး ဇုန်ဥပဒေ ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက ထွက်ရှိလာရာ ထိုဇုန်အတွင်း အထူးဇုန်ကြီးကိုးဇုန် ပါဝင်မည်ဖြစ်ကြောင်း လည်း သိရသည်။ ယင်းဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်သည့် လုပ်ငန်းများတွင် ဆိပ်ကမ်းလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ လျှပ်စစ် ဓာတ်အားနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ၊ ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းများ၊ မော်တော်ကားလမ်းများ၊ အဝေးပြေးလမ်းမကြီးများနှင့် ရထားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ၊ ပြည်တွင်းပြည်ပသို့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တင်ပို့ခြင်းနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့တင်ပို့သည့်ပိုက်လိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ ပါဝင်မည်ဖြစ်သည်။

ထို့အပြင် ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ အဆင့်မြင့်နည်းပညာ ဖြင့် ထုတ်လုပ်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ရေလုပ်ငန်း၊ သတ္တုပစ္စည်းလုပ်ငန်းနှင့်သစ်တောထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများ စသည့်ထုတ်လုပ်မှုများကို အခြေခံ သော လုပ်ငန်းများ၊ ကုန်သွယ်ရေး၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ ကုန်သိုလှောင်ရေး၊ ဟိုတယ်နှင့်ခရီးသွားလာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူနေရပ်ကွက်များ၊ အခြေခံအဆောက်အအုံ ဖြည့်ဆည်း ထောက်ပံ့ရေးဌာနများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်သည့် စိမ်းလန်းနယ်မြေများ၊ အနားယူ အပန်းဖြေစခန်းများစသည့် ၀န်ဆောင်မှုလုပ်ငန်းများ၊ လမ်း၊ တံတား၊ လေဆိပ်၊ ဘူတာရုံ၊ ဆိပ်ကမ်း၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ ရေရရှိရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် စွန့်ပစ်ပစ္စည်းများ ထိန်းသိမ်း ရေး စသည့် အခြေခံအဆောက်အအုံ လုပ်ငန်းများ၊ ဗဟိုအဖွဲ့က အစိုးရအဖွဲ့၏ သဘောတူညီမှုဖြင့် သတ်မှတ်သည့် အခြားလုပ်ငန်း များတွင် လုပ်ကိုင်နိုင်ကြောင်း သိရ သည်။

ထိုဇုန်အတွင်း ပါဝင်မည့်လုပ်ငန်းများကို ကြည့်ခြင်းအားဖြင့် ၎င်း ဒေသတွင် ရေရှည်ဖွံ့ဖြိုးလာမည့် စီးပွားရေးလုပ်ငန်းများမှာ ဒေသခံ များအတွက် အမှန်တကယ်အကျိုးရှိလာမည်လားဆိုသည်ကိုမူ မည်သူမျှ တထစ်ချ ပြောဆိုနိုင်ခြင်းမရှိသေးသော်လည်း ဒေသခံများ၏ လုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်များကိုမူ ကြိုတင်ဖြည့်တင်းထား ရန်လိုအပ်ကြောင်းလည်း အဆိုပါ ရေနက်ဆိပ်ကမ်းပတ်ဝန်းကျင်မှ ဒေသခံအချို့က ပြောသည်။

"ဒီမှာက အင်္ဂလိပ်စာကို သင်ဖို့လိုလာပြီဆိုတာလည်း သိလာကြတယ်။ အခုဆို နိုင်ငံခြားသားတွေလည်း ၀င်လာပြီဆိုတော့ ဒါတွေ လိုအပ်လာပြီ။ ဒီက ဒေသခံတွေက ပညာရပ်ပိုင်းဆိုင်ရာလုပ်ငန်းတွေ မှာ ၀င်တိုးဖို့ဆိုတာတော့ လိုနေသေးတယ်။ အများစုကအခြေခံ အလုပ်တွေအတွက်ပဲ ၀င်တိုးနိုင်သေးတာ" ဟု ထားဝယ်မြို့ခံ ရော်ဘာ ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ကိုရဲဝင်းဇော်က ပြောသည်။

ထားဝယ်မြို့ခံများနည်းတူ အဆိုပါ စီမံကိန်းကို စိတ်ပါဝင်စားနေသူ ပြည်ပရောက် မြန်မာလူမျိုးများစွာရှိနေပြီး အထူးသဖြင့် အင်ဂျင်နီယာ လုပ်ငန်းပိုင်းတွင် တာဝန်ထမ်းဆောင်လိုသူများ၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင်လုပ်လိုသူ များပြားနေကြောင်း စင်ကာပူရောက် မြန်မာအင်ဂျင်နီယာတစ်ဦးကလည်း ပြောသည်။

"စင်ကာပူမှာရတဲ့ လစာလောက် ဒီမှာရနိုင်မလားလို့ စုံစမ်းကြည့်နေတာ။ ဖြစ်နိုင်ရင်တော့ ကိုယ့်နိုင်ငံထဲမှာပဲ ပြန်လုပ်ချင်တာ။ အခုထိ တော့ စောင့်ကြည့်ရဦးမယ်"ဟု အဆိုပါအင်ဂျင်နီယာက ဆိုသည်။

လတ်တလောအနေအထားတွင်မူ ထားဝယ်မြို့၏ အိမ်ခြံမြေ ဈေးများသည်သာ ကမောက်ကမအခြေအနေဖြင့် မြင့်တက်လျက်ရှိကာ ထိုအပြောင်းအလဲ တစ်ရပ်တွင် ဒေသခံပွဲစားများ ပိုမိုပေါ်ထွက်လာသည်ဟု ထားဝယ်မြို့ခံများက သုံးသပ်ပြောဆိုသည်။

Source: http://www.myanmar.mmtimes.com/2011/news/514/news01.html