Wednesday, August 17, 2011

ထားဝယ်မြို့ မြို့သစ် ရပ်ကွက်တွင် နေအိမ် အဆောက်အဦများ ဆောက်လုပ်ရန် ပုဂ္ဂလိက မြေတူးသယ် ပို့ဆောင်ပေးသူများ ၀င်ရောက် လုပ်ကိုင်

ထားဝယ်မြို့ မြို့သစ်ရပ်ကွက်ရှိ ရေ၀ပ်နေသော မြေကွက်များကို နေအိမ် အဆောက်အဦများ ဆောက်လုပ်ရန် အတွက် မြေပိုမြှင့်တင်ခြင်း ပိုမို ပြုလုပ်လာလျက် ရှိရာ ပုဂ္ဂလိက မြေတူးသယ် ပို့ဆောင်ပေးသူများ ၀င်ရောက် လုပ်ကိုင်ပေးလျက် ရှိကြောင်း သိရသည်။ အဆိုပါ လုပ်ကိုင်ပေးသူ အချို့၏ စည်းကမ်းမဲ့ ပြုလုပ်မှုများကြောင့် မြေတူး ထုတ်ယူလျက် ရှိသော ထားဝယ်မြစ် အနောက်ဘက်ကမ်းရှိ ကမြောကျင်း အခြေခံပညာ အထက်တန်းကျောင်း အနီးတွင် ယာဉ်ကြော ရှုပ်ထွေးမှုများနှင့် လမ်းပျက်စီးမှုများ ဖြစ်ပေါ်နေသဖြင့် ကျေးရွာနေ ပြည်သူများ အခက်တွေ့နေကြကြောင်း သိရသည်။

''မိုးတွင်းကြီးမှာ လုပ်နေတာ ဆိုတော့ လမ်းကဗွက်တွေ အရမ်းများနေပြီး လမ်းမချော်အောင် သတိထား နေရတယ်။ ဆိုင်ကယ်တချို့ဆိုရင် ရွှံ့တွေနဲ့ လမ်းချော်ပြီး လဲကျတာ ရှိတယ်။ မိုးမရွာဘဲနဲ့ နေပူပြန်ရင် ဖုန်တွေက ထလာပြန်ရော။ ဖုန်တွေက ပြဿနာ မရှိပေမယ့် မိုးရွာတုန်း ဆိုရင် လမ်းကသိပ်ဆိုးတာ။ အဲဒီနားမှာ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်လည်း ရှိနေတော့ ကလေးတွေ ယာဉ်အန္တရာယ်ဖြစ်မှာ စိုးရပါတယ်။ သူတို့ မြေသယ်တဲ့ယာဉ်တွေမှာ နောက်ဖုံး မပါဘူး။ ဒီအတိုင်း သယ်သွားတာ ဆိုတော့ နောက်ကမြေခဲတွေ ကျကျန်ခဲ့တာ။ မြေသယ်ယာဉ် ဆိုတာမျိုးက နောက်ဖုံး တပ်ထားမှ အဆင်ပြေမှာပါ။စည်းကမ်းတကျ လုပ်ဖို့ လိုတယ်။ အခုက ကတ္တရာလမ်းမကနေ မြေသားလမ်းလို ဖြစ်သွားပါပြီ။ ညပိုင်းဆိုရင် ဆိုင်ကယ်တွေ အတွက် ပိုပြီး အန္တရာယ်ရှိပါတယ်။ တစ်နေ့တာ လုပ်ငန်းများ ပြီးသွားရင် လမ်းပေါ်က ရွှံ့တွေကို ရေနဲ့ထိုးချတာမျိုး လုပ်ပေးစေချင်တယ်''ဟု အဆိုပါ လုပ်ငန်းခွင် အနီးတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

အဆိုပါ မြေတူးထုတ်ယူရာ လမ်းတစ်လျှောက်တွင် ကားပေါ်မှ ကျကျန်ခဲ့သော မြေခဲများကြောင့် ခရီးသွားလာနေသူများ သတိထားနေရပြီး လမ်းမချော်စေရန် သတိပြု မောင်းနှင်နေရကြောင်း သိရသည်။

Source: http://www.weeklyeleven.com/index.php?option=com_content&view=article&id=9822:2011-08-17-16-42-45&catid=45:2009-11-10-07-45-41&Itemid=113