Wednesday, August 3, 2011

ထားဝယ်ကဲ့သို့ ဆိပ်ကမ်းစီးပွားရေးဇုန်များ ဖွံ့ဖြိုးလာလျှင် IMO ၏ ဥပဒေပြု စည်းမျဉ်းများအား လိုက်နာနိုင်မှသာ နိုင်ငံရှိဆိပ်ကမ်းများနှင့် လူထုအား အလုံးစုံကာကွယ်မှု ပြုနိုင်မည်ဟု သိရ

ထားဝယ်ကဲ့သို့ အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးလာလျှင် IMO (International Maritme Organization) ၏ ပြဋ္ဌာန်းထားသော ဥပဒေပြုစည်းမျဉ်းများကို နိုင်ငံတကာ ဆိပ်ကမ်းကြီးများ နည်းတူ လိုက်နာနိုင်မှသာ နိုင်ငံရှိဆိပ်ကမ်းများနှင့် ပတ်ဝန်းကျင်ရှိ လူထု အတွက်ပါ ကာကွယ်မှုပြုနိုင်မည်ဟု Logistics  and Supply Chain Management  မှ ဆိပ်ကမ်းနှင့် ပင်လယ်ရေကြောင်း စီးပွားရေးဘာသာ သင်ကြားသူ ဆရာဦးကျော်မျိုးဝင်းက ဆိုပါသည်။

“ထားဝယ်နည်းတူ နောင်မှာ နိုင်ငံက Busy Ports တွေ ရှိလာတာနဲ့အမျှ ကိုယ့်ဆိပ်ကမ်းကို တန်ချိန် သုံးသောင်း၊ လေးသောင်း ၀င်လာမယ့် သင်္ဘောကြီးတွေ ရောက်လာမယ်။ သူတို့ရဲ့ cargos  တွေဟာလည်း မျိုးစုံပါမယ်။ ဥပမာ ဆီတင် သင်္ဘောကြီးတွေ လာမယ်။ ဆိပ်ကမ်းရဲ့ရေပြင်မှာ အကြောင်းကြောင်းကြောင့် ဖိတ်စင်တာတွေ ရှိလာမယ်ဆို နစ်နာမှုရှိမှာ ဆိပ်ကမ်းပတ်ဝန်းကျင် ရေထု နဲ့နေထိုင်သူတွေပဲလေ။ အဲဒီလိုဖြစ်စဉ်တွေကို ကာကွယ်ဖို့ IMO ရဲ့ဥပဒေ ပြုပြဋ္ဌာန်းချက်တွေကို နိုင်ငံမှာအသက်သွင်း သဘောတူညီထားဖို့ လိုလာပြီ” ဟု အကြံပေးပုဂ္ဂိုလ်ဦးကျော်မျိုးဝင်း ကဆက်လက်၍ပြောကြားခဲ့ပါသည်။

ဆိပ်ကမ်းဇုန်များထဲမှ ထားဝယ်သည် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု များစွာဖြင့် အထူးစီးပွားရေးဇုန်ဖြစ် လာမည့် အလားအလာများကြောင့် နိုင်ငံနှင့် လိုက်လျောညီထွေသည့် ဥပဒေများပြဋ္ဌာန်းခြင်း၊ နိုင်ငံတကာ နှင့် လိုက်လျောညီထွေဖြစ်စေမည့် ဆိပ်ကမ်းဥပဒေများကိုလည်း မှီငြမ်း လက်ခံခြင်းများ ပြုလုပ်သင့်ပြီဟုဆွီဒင် ၌ ပင်လယ်ရေကြောင်း စီးပွားရေးဖြင့် မဟာဘွဲ့ရယူထားသူက ရှင်းပြခဲ့ပါ သည်။

“မြန်မာနိုင်ငံမှာ IMO ရဲ့ဥပဒေ တွေကို သဘောတူလက်မှတ် ရေးထိုးထားတာ သင်္ဘောသားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေသာ အများဆုံးဖြစ်တယ်။ ပင်လယ်ရေကြောင်း စီးပွားရေးနဲ့ဆိုင်တဲ့ ဥပဒေတွေကတော့ နည်း နေသေးတယ်။ အခုလို Ports ကြီးတွေနဲ့ အထူးစီးပွားရေးဇုန်တွေ ရှင်သန်ဖွံ့ဖြိုးလာရင်တော့ နောင်ဖြစ် လာမယ့် Risks တွေကို ထည့်စဉ်းစားဖို့အတွက် ကာမိတဲ့ဥပဒေဆိုတာ ရှိကို ရှိသင့်တယ်”ဟု ၎င်းကဖြည့်စွက် ပြောပြခဲ့ပါသည်။

ဆိပ်ကမ်းနှင့် ပတ်ဝန်းကျင်လူထု၏ အကျိုးစီးပွားလုံခြုံစိတ်ချမှုရှိစေရန် ကာမိစေသော IMO ၏ဥပဒေ ကို လိုက်နာကျင့်သုံးရန် သဘောတူညီ ချက်ပြုမည် ဆိုပါက နိုင်ငံအနေဖြင့် နှစ်စဉ် ထည့်ဝင်ကြေး ပေးဆောင်ရမည်ဟု သိရသည်။

“အခုလို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေလာဖို့ သူတို့တွေအတွက် ဒီဘက်က မက်လုံးလိုဖြစ်စေမယ့် အရာတွေနဲ့ လမ်းဖွင့်ထားပေးဖို့ လိုတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေက ကိုယ်သွားချင်တဲ့ဟာကိုပဲ ဖက်တွယ်ထားလို့ မရပါဘူး။ သူတို့ဘာလုပ်ချင်တာလဲ ဆိုတာ လမ်းဖွင့်ပေးရင်း သင်ယူသွားရမယ်။ အခုလို ထားဝယ်စီးပွားရေး ဆိပ်ကမ်း ဇုန်ဖြစ်ထွန်းလာခြင်း အပေါ်မှာ နိုင်ငံတကာက ၀င်လာတာကိုလမ်းဖွင့်ပေးရင်း ဥပဒေနဲ့ ထိန်းကွပ်တည့်မတ်ထားဖို့လည်း လိုပါတယ်”ဟု  Logistics  and Supply Chain Management မှ ဆိပ်ကမ်းနှင့် ပင်လယ်ရေကြောင်း စီးပွားရေးဘာသာ သင်ကြားသူ ဆရာက ပြောကြားခဲ့ပါသည်။

ယခုအခါ ထားဝယ်ဆိပ်ကမ်း စီးပွားရေးဇုန်သို့ စိတ်ဝင်စားကြသော နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ များစွာရှိနေရာ မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ကွက် အများဆုံးရှိသည့် နိုင်ငံတစ်ခုအဖြစ် ၎င်းတို့ လက်ခံယူဆထားကြသည်ဟု ထားဝယ်ဆိပ်ကမ်း၏ စက်မှုလုပ်ငန်းတစ်ခုမှ အတိုင်ပင်ခံက ပြောပြခဲ့ပါသည်။

Source: http://news-eleven.com/index.php?option=com_content&view=article&id=9635:-imo-&catid=42:2009-11-10-07-36-59&Itemid=112