Friday, September 23, 2011

ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ရှိသည့် ကျောက်ဖြူလေယာဉ်ကွင်းကို လာမည့်နှစ်နှစ်အတွင်း ဒေသတွင်း နိုင်ငံသွားလေယာဉ်များ ဆင်းသက်နိုင်သည့် ကွင်းအဖြစ် ပြုလုပ်သွားမည်ဟုဆို

ရေနက်ဆိပ်ကမ်း စီမံကိန်းတည်ရှိသည့် ကျောက်ဖြူလေယာဉ်ကွင်းကို လာမည့်နှစ်နှစ်အတွင်း ဒေသ တွင်း နိုင်ငံသွားလေယာဉ်များ ဆင်းသက်နိုင်သည့် ကွင်းအဖြစ်ပြုလုပ်သွားရန် ရှိကြောင်း သတင်းရရှိပါသည်။

ကျောက်ဖြူ လေယာဉ်ကွင်းကို လက်ရှိ လေယာဉ်ပြေးလမ်း အလျား ၄၆၂၀ပေ၊ အနံပေ ၁၀၀မှ ယခုနှစ်တွင် အလျားပေ ၁၀၀၀ထိ တိုးချဲ့ တည်ဆောက်လျက်ရှိပြီး လာမည့်နှစ်တွင် အလျားပေ၁၄၀၀ထပ်မံ တိုးချဲ့တည်ဆောက်ရန် စီစဉ်ထား ကြောင်း သိရသည်။ ထို့ကြောင့် လာမည့် နှစ်နှစ်အတွင်းတွင် ကျောက်ဖြူ လေယာဉ်ပြေးလမ်းသည် အလျား ပေ ၇၀၀၀၊ အနံပေ ၁၀၀ ရှိပြီး ပြည် တွင်းခရီးစဉ်သာမက ဒေသတွင်း နိုင်ငံများသို့ ပျံသန်း ပြေးဆွဲနိုင်သည့် F 28 လေယာဉ်များ အဆင်းအတက် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်၏ ပြောကြားချက်အရ သိရှိရပါသည်။

“ F 28 ဂျက်လေယာဉ် အမျိုး အစားက ပြည်တွင်းခရီးစဉ် သာမကဘဲ ဒေသတွင်းနိုင်ငံတွေပါ ပျံသန်း ပြေးဆွဲနိုင်ပါတယ်။ ရေနက်ဆိပ်ကမ်း စီမံကိန်းရှိတဲ့အတွက် ကျောက်ဖြူလေဆိပ်ဟာ ထားဝယ်၊ စစ်တွေ လေဆိပ်လိုပဲ အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခု ဖြစ်လာနိုင်ပါတယ်” ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောပြခဲ့သည်။