Monday, September 26, 2011

နိုင်ငံ၏ အနာဂတ်စီမံကိန်းကြီးများအား လွှတ်တော်တွင် တင်ပြကာ ဆုံးဖြတ်မှုယူရန် အမတ်များက အမျိုးသားလွှတ်တော်တွင် တိုက်တွန်း

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့ နယ်၊ နဘုလယ်ရွာ၌ တည်ဆောက်နေသည့် ထားဝယ်ရေနက်စီမံကိန်းနှင့် ဧရာ ၀တီ မြစ်ဆုံစီမံကိန်းများကဲ့သို့ နိုင်ငံ၏ အနာဂတ်စီမံကိန်းကြီးများအား တစ်ဦး တစ်ဖွဲ့တည်း၏ ဆန္ဒစွဲတစ်ခုတည်းနှင့် မဆုံးဖြတ်စေသင့် တော့ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၂၀ အရ အစိုးရ အဖွဲ့၏ စီမံကိန်းတိုင်းကို လွှတ်တော်သို့ တင်ပြ အဆုံးအဖြတ်ခံယူသင့်ပြီဖြစ် ကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ် (၁) မှ ဒေါက်တာအေးမောင်က ပြောသည်။

"တည်ဆောက်စ စီမံကိန်းတိုင်းကိုလည်း လွှတ်တော်မှာတင်ပြ ပြန်လှန် သုံးသပ်ပြီးမှ ဆက်လုပ်သင့်၊ မသင့် ဆုံးဖြတ်ပေးကြရမှာပါ။ ကျွန်တော်တို့ မြစ်ဆုံရေကာတာစီမံကိန်းကို အပြန် အလှန်သုံးသပ်ကာ တားဆီးဖို့ လိုအပ်လာပါပြီ"ဟု ရခိုင်ပြည်နယ်၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ် သူ ဒေါက်တာအေးမောင်က ယခုလ ၁၂ ရက်နေ့က အမျိုးသားလွှတ်တော်တွင် ပြောကြား ခဲ့သည်။

"မြန်မာပြည်ရဲ့ အနောက်ခြမ်း ကျောက်ဖြူရေနက်ဆိပ်ကမ်းက အရှေ့မြောက်ခြမ်းကို နာရီပိုင်းနဲ့ ဖြတ်ကျော်နိုင်တဲ့ ရထားကွန်ရက် ရယ်၊ ယူနန် အတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအင်ကို အမြဲမပြတ်ရစေနိုင်မည့် မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့၊ ထားဝယ် ရေနက် ဆိပ်ကမ်းစီမံကိန်းတို့ဟာ မြန်မာပြည်ရဲ့ ကျောပေါ်ခွစီးထားမယ့် တွက်ချက်ပြီး ရေရှည်စီမံကိန်းကြီးမဖြစ် ဖို့လိုပါတယ်"ဟု ၎င်းက ပြောသည်။

ထို့ကြောင့် စက်မှုဇုန်၊ ရေနက်ဆိပ် ကမ်းဇုန်များတွင် ပြည်ထောင်စုအစိုးရ အဖွဲ့၏ အတည်ပြုပြီးသား Master Plan ရှိရမည်ဖြစ်ပြီး အဆိုပါ Plan ကို ဒေသဆိုင်ရာအစိုးရနှင့် ပြည်သူလူထုက သိရှိကာ သဘောတူညီရန်လိုအပ်ကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များ၏ လွှတ်တော်တွေကလည်း သိရှိကာ သဘောတူ အတည်ပြုထားရန် လိုအပ်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။

"မတူရင်ပြင်ဆင်၊ ပြင်ဆင်ဖို့မသင့်ရင်တော့ဖြင့် နိုင်ငံတော်ရဲ့ ရေရှည်အကျိုး အတွက် ဖျက်သိမ်းသင့်ရင် ဖျက်သိမ်းရဲရ ပါမယ်။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမျှခြေကို ကြိုးစား ရှာဖွေကြရမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

ထို့ပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုစီးပွားထိခိုက်မှုများကို မျက်ကွယ် ပြုထား၍မရကြောင်း၊ ဧရာဝတီနှင့် မြစ်ဆုံရေကာတာ ကိစ္စ၊ ကိုလိုနီလက်သစ်များ၏ ပထ၀ီနိုင်ငံရေးအရ၊ စီးပွားရေး အရ နယ်ချဲ့မှုကို သတိမူဖို့ လိုအပ်လှကြောင်း ၎င်းက ပြောသည်။

"နယ်မြေချင်းဆက်စပ်တဲ့ နိုင်ငံကြီးတွေရဲ့ ဒေသလွှမ်းခြုံ စီးပွားရေးလက်ဝါး ကြီးအုပ်မှုဟာ ခပ်ဝေးဝေးနိုင်ငံကြီးထက် နယ်ချဲ့မှု အန္တရာယ် ပိုရှိတာကို သတိပြုရမှာ ဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်နေမှုကြောင့် သမိုင်းဝင် သာဂရ မြို့ဟောင်း ပျက်စီးထိခိုက်မှုမရှိရေးအတွက် စက်တင်ဘာလ ၁၂ ရက်နေ့က အမျိုးသားလွှတ်တော်၌ လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြရာတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။

တနင်္သာရီတိုင်း မဲဆန္ဒနယ်(၂)မှ ကိုယ်စားလှယ် ဦးသန်းဆွေက ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ထားဝယ်ဒေသကိုသာမက အရှေ့ တောင်အာရှ ဒေသတစ်ခုလုံးကို အကျိုး ပြုသည့် လုပ်ငန်းဖြစ်သော်လည်း သမိုင်းဝင်နေရာ၊ ယဉ်ကျေးမှုအမွေ အနှစ်များကို ထိခိုက်မှုမဖြစ်ပေါ်စေရန် အဆိုတင်သွင်းခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း၏ အထူးစီးပွားရေးဇုန်သတ်မှတ်ထားသည့် မြေဧရိယာမှာ ၅၀,၅၃၀ ဒသမ ၀၂ ဧက ရှိပြီး လောင်းလုံမြို့ နယ် အတွင်းရှိ သာဂရမြို့ဟောင်းနှင့် တစ်မိုင်သာ ဝေး တော့ကြောင်း ၎င်းက ဆိုသည်။

သာဂရမြို့ဟောင်းသည် ထားဝယ်မြို့ အနောက်ဘက် ခုနစ်မိုင်ခန့်အကွာတွင် တည်ရှိပြီး အရှေ့အနောက် မီတာ ၁,၆၀၀ နှင့် တောင်-မြောက် မီတာ ၁,၁၀၀ ခန့် ကျယ်ဝန်းကြောင်း၊ ကျုံး၊ မြို့ရိုး၊ နန်းတော် ရာနှင့် အထင်အရှားရှိသော ပျူမြို့ဟောင်းဖြစ်ကြောင်း သမိုင်း သုတေသီ တစ်ဦးလည်းဖြစ်သူ မောင်သန်းဆွေ (ထားဝယ်) ကလောင်ရှင် ဦးသန်းဆွေက ပြောသည်။

ပတ်ဝန်းကျင် ပတ်ပတ်လည်၌ သမိုင်း ၀င်နေရာများ၊ သမိုင်းဝင်ပစ္စည်းများ ရှာဖွေရရှိနိုင်သည့် နေရာများရှိနေသေးသည့် သာဂရမြို့ ဟောင်းသည် ပင်လယ် ရေမျက်နှာပြင်မှ ၁၄ လက်မသာ မြင့်ပြီး ပြည်တွင်းရှိ အခြားသော မြို့ဟောင်းများ နှင့်စာလျှင် အလွန်နိမ့်ကျ နေကြောင်း၊ အဆိုပါဒေသတွင် တစ်နှစ်လျှင် မိုးရေချိန် ၂၃၃ လက်မရှိသည့်အတွက် သဘာဝ အနေအထားအရ မိုးများပြီး ပျက်စီး လွယ်သည့် အန္တရာယ်ရှိနေကြောင်း ဦးသန်းဆွေက ပြောသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြန်လည် ရှင်းလင်းရာတွင် တနင်္သာရီတိုင်းဒေသ ကြီး အစိုးရအဖွဲ့၊ ထားဝယ် အထူးစီးပွားရေးဇုန် အထောက်အကူပြုလုပ်ငန်း အဖွဲ့နှင့် အထူးစီးပွားရေးဇုန်အား တာဝန် ယူတည်ဆောက်လျက်ရှိသည့် အီတာ လျံ-ထိုင်း ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီမှ တာဝန်ရှိသူများ၊ ရှေးဟောင်းသုတေ သနတာဝန် ရှိသူများ ပူးပေါင်းကွင်းဆင်း တိုင်းတာ ညှိနှိုင်းဆောင်ရွက်နေကြောင်း ပြောကြားသည်။

ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ ဇုန် သတ်မှတ်ကာ ကာကွယ်ထိန်းသိမ်းရေးအတွက် ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ တတိယပတ်တွင် အကြိုရှေ့ပြေးကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း ၎င်းကပြောသည်။

mmtimes.com