Thursday, September 15, 2011

ရာဘာခြံထောင်ချီ အသိမ်းခံရမယ်လို့ သတင်းထွက်

ရေဖြူမြို့နယ်အတွင်းက ထားဝယ်မြို့ အရှေ့ဘက်ကမ်းရှိ ရာဘာခြံထောင်ချီ ပြန်အသိမ်းခံရမယ်လို့ သတင်းထွက်နေတဲ့ အတွက် ထားဝယ်မြို့ခံ လုပ်ငန်းရှင်တွေ စိုးရိမ်မကင်းဖြစ်နေတယ်လို့ လုပ်ငန်းရှင် တစ်ယောက်က ပြောပါတယ်။

ထားဝယ်-ကန်ချနဘူရီ လမ်းနဲ့ ဆက်စပ်လမ်းကြောင်းတစ်လျှောက်မှာ ရှိနေတဲ့ ဒီရာဘာခြံတွေကို ထားဝယ်မြို့ခံလုပ်ငန်းရှင်တွေက ပြီးခဲ့တဲ့ နှစ်လောက်ကမှ လိုင်စင်လျှောက်ထားပြီး ရာဘာတွေ စိုက်ပျိုးခဲ့တာပါ။

အစိုးရက ပြန်အသိမ်းခံမယ်လို့ ဆိုနေတဲ့ ဒီခြံတွေကို ထားဝယ်မြို့က ထိပ်တန်းလုပ်ငန်းရှင်တွေဖြစ်တဲ့ ဆန်းသစ်မုန့်တိုက်၊ အလှသစ်စင်တာ၊ အမြန်ရေယာဉ် စတဲ့ ဒေသခံတွေက ပိုင်ဆိုင်တာပါ။

"အခုထိတော့ မြေစာရင်းက စာမထွက်သေးဘူး"လို့ လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

ထားဝယ်ဆိပ်ကမ်းတည်ဆောက်တော့မည့် နဘုလယ်ဒေသက ရာဘာ၊ ကွမ်း၊ သီဟိုဠ် စတဲ့ ခြံတွေ အပြင် မေတ္တာမြို့နယ်ခွဲဧရိယာထဲမှာ ရှိတဲ့ လမ်းအူကြောင်းနဲ့ ဆက်စပ်နေတဲ့ အထောက်အကူပြုလမ်းကြောင်းတွေက ခြံတွေ ပါ အသိမ်းခံနေတယ်လို့ ဒေသခံကရင် အဖွဲ့အစည်းတစ်ခုက ပြောဆိုပါတယ်။

Dawei Watch