Wednesday, May 30, 2012

ထားဝယ်ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံ ကန်ချနာပူရိအထိ ဆက်သွယ်မည့် လေးလမ်းသွားလမ်း ဖောက်လုပ်နေမှုကြောင့် တနင်္သာရီရိုးမ တောင်ကြောတစ်လျှောက် သစ်တောပြုန်းတီးမှု မြင့်တက်လာ

တနင်္သာရီရိုးမ တောင်ကြော၌ လမ်းဖောက်လုပ်နေမှုများကို တွေ့ရစဉ်
 ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ထိုင်းနိုင်ငံ ကန်ချနာပူရိအထိ ဆက်သွယ်မည့် လေးလမ်းသွားလမ်းဖောက် လုပ်ရာ၌ တနင်္သာရီရိုးမတောင်တန်း များကို ဖြတ်သန်းဖောက်လုပ်လျက် ရှိသောကြောင့် တနင်္သာရီရိုးမ တောင်ကြောတစ်လျှောက် သစ်တောပြုန်းတီးမှုများ မြင့်တက်လာကြောင်း သိရှိရသည်။

အဆိုပါ လေးလမ်းသွားလမ်း စီမံကိန်းကို ၂၀၁၅ခုနှစ်တွင်အပြီး ဖောက်လုပ်သွားမည်ဖြစ်ကြောင်း၊  လက်ရှိတွင် အဆိုပါလေးလမ်းသွား စီမံကိန်း၏ လမ်းအူကြောင်း ဖောက်လုပ်မှုပြီးစီးနေပြီ ဖြစ်ကြောင်းနှင့် ရှစ်လမ်းသွားလမ်းအထိ တိုးချဲ့ဖောက်လုပ်သွားရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။

“ကျွန်တော် အဲဒီနေရာကို ရောက်ခဲ့တာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကပါ။ ဒီလမ်းဖောက်မှုက ခုချိန်မှာ လမ်းအူကြောင်းအဆင့် ပြီးနေပြီ။ တနင်္သာရီတောင်တန်းတွေကို cut လုပ်ပြီးဖောက်နေတဲ့ ဒီလမ်းမှာတောင် ဖြိုလို့ရတဲ့ မြေစာတွေကို တနင်္သာရီ မြစ်ကမ်းပါးပေါ်ကိုသွန်ချတယ်။ အဲဒီ တောင်ကြားထဲမှာ တနင်္သာရီမြစ်က စီးနေတော့ မြစ်ထဲသွန်ချတယ်။ လမ်းအူကြောင်းအဆင့်မှာတင် မြစ်ထဲကို ဒီလောက်သွန်ချနေရင် လေးလမ်းသွား၊ ရှစ်လမ်းသွားလမ်း ဖောက်လုပ်ချိန်မှာ တနင်္သာရီမြစ်ဟာ ကောသွားနိုင်တဲ့ အနေအထားမျိုး ရှိနေပါတယ်” ဟု ချူလာလောင်ကွန်း တက္ကသိုလ်မှ သုတေသီတစ်ဦးဖြစ်သူ ဦးဇော်အောင်က ပြောပြခဲ့သည်။

လမ်းပန်းဆက်သွယ်ရေး အနေဖြင့်မူ ထားဝယ် ရေနက်ဆိပ်ကမ်း စက်မှုဇုန်နယ်မြေနှင့် ထိုင်းနိုင်ငံ ကန်ချနာပူရိသို့ သွယ်တန်းဖောက်လုပ်မည့် ၁၀၅မိုင်အရှည်ရှိ ရှစ်လမ်းသွား စူပါဟိုက်ဝေး ကားလမ်းပါဝင်ကြောင်း၊ အလားတူ ရထားလမ်း၊ ဓာတ်အားလိုင်းများ၊ ရေနံနှင့် သဘာဝဓာတ်အားလိုင်းများ ပါဝင်မည်ဖြစ်ပြီး နယ်ခြား ၀င်ထွက်ဇုန်များလည်း ပါဝင်ကြောင်း နှင့် ဆက်သွယ်ရေး တည်ဆောက်မှုဆိုင်ရာ စီမံကိန်းကို နှစ် ၆၀ BOT (တည်ဆောက်၊မောင်းနှင်၊ လွှဲပြောင်း) စနစ်ဖြင့် အကောင်အထည် ဖော်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

“မြန်မာနိုင်ငံရဲ့တောင်ကြောတော်တော်များများမှာ သစ်တောပြုန်းတီးမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် တနင်္သာရီ ရိုးမတောင်ကြော တစ်လျှောက်မှာ တော့သစ်တောတွေရှိနေပါသေးတယ်။ ဒါတွေကိုထိန်းသိမ်း ထားသင့်ပါတယ်။ ဒါပေမယ့်အခု လက်ရှိထားဝယ်ကနေ ကန်ချနာပူရိအထိ ဖောက်မယ့်လေး လမ်းသွားလမ်း စီမံကိန်းကြောင့် အခုဆိုရင် တနင်္သာရီတောင်ကြောကို စခုတ်နေကုန်ပြီ။ လူငါးယောက်စက် ငါးလုံးနဲ့ဒီလမ်းကို ဖောက်နေတာ။ ဖောက်မယ့်လမ်းကြောကလည်း တနင်္သာရီတောင်ကြောကို ကွေ့ပတ် ဖောက်မှာဆိုတော့ သဘောက ဒီလမ်းဖောက်မှပဲ ဒီသစ်တွေကို ခုတ်လို့ရမယ့် သဘောပါ။ ဒီလမ်းဖောက်ပြီးချိန်မှာ တနင်္သာရီတောင်ကြောက သစ်တောတွေလည်း အကုန်လုံးကုန်သွားနိုင်ပါတယ်။ အခုသစ်ခုတ်နေတဲ့ ကုမ္ပဏီ ကို ဘယ်သူပိုင်မှန်းတော့မသိဘူး။ သစ်ခုတ်လာတဲ့ ကားမှာတော့ Dawai Princess Company လို့ ရေးထားတာတွေ့တယ်။ ဒါတွေကို စနစ်တကျ မထိန်းသိမ်းနိုင်ရင် ဒီကအရင်းအမြစ်တွေ အကုန်လုံး ကုန်ပါလိမ့်မယ်”ဟု ချူလာလောင်ကွန်း တက္ကသိုလ်မှ သုတေသီတစ်ဦးဖြစ်သူ ဦးဇော်အောင် က ပြောပြခဲ့သည်။

ထို့အတူ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် စီမံကိန်း ၂၀၃ ခုအတွက် ကုန်ကျစရိတ် ထိုင်းဘတ် ၃၁ ဘီလျံကို ထိုင်းအစိုးရအဖွဲ့မှ ခွင့်ပြုပေးလိုက်ကြောင်း ရေးသားဖော်ပြထားသည်ကို သိရှိရသည်။