Wednesday, May 30, 2012

မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အကူးအပြောင်း အရှိန်မြင့်လာစေရေး လိုအပ်သည့်အကူအညီများ ပေးသွားမည်ဟု အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း ပြောကြား

မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ် ရောက်ရှိခဲ့သော အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေးနှင့် သံတမန်ဆက်ဆံရေးများ ပိုမိုကောင်းမွန်လာရန် ရည်ရွယ်၍ မြန်မာနိုင်ငံကို အတိုးနှုန်းသက်သာသည့် ချေးငွေ ဒေါ်လာသန်း ၅၀၀ ချေးမည့် နားလည်မှုစာချွန်လွှာ အပါအ၀င် နားလည်မှု စာချွန်လွှာနှင့် သဘောတူညီချက် ၁၂ ခု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် ခရီးစဉ်နောက်ဆုံးနေ့ မေလ ၂၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများတွင် ဒေါ်အောင်ဆန်းစုကြည် သည် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နိုင် မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယတွင် နေရူးအမှတ်တရ ဟောပြောပွဲ တက်ရောက်ပြောကြားရန် ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ဖိတ်ကြားခဲ့သည်။

အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် ၁၉၈၇ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်လည် ပတ် သည့်  အိန္ဒိယ၀န်ကြီးချုပ် ဖြစ်သည်။ မြန်မာနိုင်ငံသို့ နောက်ဆုံး လာရောက် လည်ပတ်ခဲ့သော အိန္ဒိယ၀န်ကြီးချုပ်မှာ ရာဂျစ်ဂန္ဒီဖြစ်သည်။

စစ်တွေတွင် ရေနက်ဆိပ်ကမ်း တည်ဆောက်နေသည့်  အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံ၏ အခြေခံအဆောက် အဦဖွံ့ဖြိုးရေးအတွက် ရထားလမ်း၊ ကားလမ်းနှင့် ရေကြောင်းစီမံကိန်းများတွင် ဒေါ်လာသန်း ၈၀၀ ခန့် ကူညီ ထားသည်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလကစတင်ခဲ့သော စစ်တွေ ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ကုန်းတွင်းပိတ်ဖြစ်နေသော အိန္ဒိယအရှေ့ မြောက်ပိုင်းတွင် ကုန်သွယ်ရေးလမ်းကြောင်း ပေါ်ထွန်းလာရေးအတွက် ဒေါ်လာ ၂၁၄ သန်း ရင်းနှီးမြှုပ်နှံမည့် မြစ်နှင့်လမ်းကွန်ရက်စီမံကိန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

၂၀၀၉ ခုနှစ်မှစတင် အကောင်အထည် ဖော်ဆောင်ရွက်နေသော ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်းနှင့် ပတ်သက်ပြီး ပုံမှန်ဖြစ်ပေါ် တိုးတက်မှုများကို ကျေနပ်အားရကြောင်း နှစ်နိုင်ငံပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့သည်။

ကုလားတန်စီမံကိန်းအတွက် သစ်တောဟက်တာ ၁၉၆ ဒသမ ၇၅ ဟက်တာခုတ်ထွင် ရှင်းလင်းရမည်ဖြစ်ပြီး ဒေသခံထောင်ပေါင်းများစွာ နေရာရွှေ့ပြောင်းရမည်ဖြစ်သည်။ ကုလားတန်စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် အပြီးတည်ဆောက်ရန် အိန္ဒိယမှ မျှော်မှန်းထားပြီး အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော် ကုန်ကျမည်ဟု ဆိုသည်။

ထို့ပြင် အိန္ဒိယက မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကဲ့သို့သော စီမံကိန်းများတွင် အိန္ဒိယက ပါဝင်ဆောင်ရွက်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြောင်းကြေညာချက်က ဆိုသည်။

မိုင် ၁၀၀၀ ကျော် (၁၆၀၀ ကီ လိုမီတာ) ရှည်လျားသည့် နယ်စပ်ကို မျှဝေပိုင်ဆိုင်သည့် မြန်မာနှင့်အိန္ဒိယ ဆက်ဆံရေးသည် မကြာသေးမီနှစ်များအတွင်း တိုးတက်လာနေပြီး နှစ်နိုင်ငံ ကုန်သွယ်မှုသည် ယခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံထိ ရှိနိုင်သည်။ လာမည့်နှစ်တွင် ဒေါ်လာ ၂ ဘီလျံထိ မြင့်တက်လာမည်ဟု မျှော်မှန်းထားပြီး ၂၀၁၅ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုကို နှစ်ဆမြင့်တက်လာရန်  နှစ်နိုင်ငံစလုံးက သဘောတူညီထားသည်။ အိန္ဒိယသည် တရုတ်နှင့် ထိုင်းပြီးလျှင် မြန်မာ၏ တတိယအကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်သည်။