Monday, May 21, 2012

လုပ်ငန်းများ အဆင်ပြေရန် အီတာလျှံထိုင်း ကန်တော့ပွဲပေး


အီတာလျှံ ထိုင်း ကုမ္ပဏီမှ တာဝန်ရှိသူများ ၊ မီးရထား ဒုတိယ ဝန်ကြီး ဦးသောင်းလွင် အပါအဝင် ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းတွင် ပါဝင်ကြသည့် စီးပွားရေး လုပ်ငန်းရှင် အချို့သည် မေလ ၁ဝ ရက်နေ့တွင် ထားဝယ်မြို့ ကြက်မင်းစေတီတွင် ကန်တော့ပွဲ ၁၀၈ ပွဲကို လာရောက် ပူဇော်ခဲ့ကြောင်း မျက်မြင် တွေ့ရှိ သူများနှင့် ကြက်မင်း ဂေါပက အဖွဲ့ဝင် တစ်ဦးကဆိုသည်။


ယင်းသို့ ကန်တော့ပွဲပေးသည်ကို နံနက်ခြောက်နာရီခန့်မှ စတင်ခဲ့ကာ ကြာမြင့်ချိန် သုံးနာရီကျော်ခန့်ရှိပြီး ၊ ဘုရားကိုးဆူ ဆရာ ၊ ကန်တော့ပွဲကိုင်သူအပါအဝင် အားလုံး ဆယ်ဦးခန့် တက်ရောက်ခဲ့ကြောင်း အထက်ပါ ကြက်မင်း ဂေါပက အဖွဲ့ဝင်က ဆိုသည်။

စေတီတော် အထက်ပစ္စယံတွင် တင်လှုခဲ့သော ကန်တော့ပွဲများတွင် ထိုင်းနိုင်ငံ မင်းဆက်များအား လည်းကောင်း၊ မြန်မာနိုင်ငံ ခေတ်အဆက်ဆက်မှ မင်းအပေါင်းနှင့် ခုနှစ်ရက်သားသမီးများအားလည်းကောင်း၊ လက်ရှိအစိုးရအဖွဲ့၊ လွှတ်တော်အသီးသီးနှင့် လွှတ်တော်စောင့် နတ်မင်းကြီးကိုပါ ရည်ညွှန်းစာဖြင့် ကန်တော့ပွဲများ ပါဝင်သည်။