Tuesday, July 24, 2012

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ် ရှင်နာဝပ်တို့အား အစိုးရအိမ်တော်တွင် ဇူလိုင်လ ၂၃ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ် ရှင်နာဝပ်တို့သည် ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ အစိုးရ အိမ်တော်၌ တွေ့ဆုံခဲ့ကြပြီး အဆိုပါ တွေ့ဆုံမှုတွင် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ပူးတွဲဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် Weekly Eleven News ဂျာနယ်၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက သတင်းပေးပို့ခဲ့ပါသည်။

“ထိုင်းဝန်ကြီးချုပ်က မနေ့ကမှ နိုင်ငံခြားခရီးစဉ်က ပြန်ရောက်လာတဲ့ အတွက် ဒီနေ့ရောက်မှ နိုင်ငံတော် သမ္မတနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့မနက် ၁၀ နာရီအချိန်က ထိုင်းအစိုးရ အိမ်တော်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ဂုဏ်ပြုကြိုဆိုပွဲ လုပ်ပါတယ်။ အဲတာပြီးတော့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ သီးခြားတွေ့ဆုံပါတယ်။ တွေ့ဆုံမှုအပြီး နှစ်နိုင်ငံ ၀န်ကြီးတွေ နားလည်မှု စာချွန်လွှာရေးထိုးခဲ့တယ်။ နောက်ပိုင်းမှာတော့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်”ဟု ကိုဝေဖြိုးက ပြောပါသည်။

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး သီးခြားတွေ့ဆုံမှုအပြီး ရေးထိုးခဲ့သော နားလည်မှု စာချွန်လွှာများမှာ  မြန်မာ- ထိုင်း အစိုးရတို့ အကြား ထားဝယ် အထူး စီးပွားရေးဇုန်နှင့် စီမံကိန်း ဆက်စပ် နယ်မြေများတွင် ပြီးပြီး ပြည့်စုံသော ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ မြန်မာ- ထိုင်း အစိုးရတို့ အကြား မြန်မာနိုင်ငံအနှံ့ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာနှင့်  စွမ်းအင် ဖိုရမ် တည်ထောင်ရေး ဆိုင်ရာ ပူးတွဲကြေညာချက် နားလည်မှု စာချွန်လွှာများ ဖြစ်ကြောင်း သိရပါသည်။

နားလည်မှုစာချွန်လွှာ ရေးထိုးမှုအပြီး ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်သမ္မတ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမ လုပ်ဆောင်ရာတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် ဆက်သွယ်မှု အပါအ၀င် နှစ်နိုင်ငံ ဆက်သွယ်မှု လမ်းကြောင်းများ မြှင့်တင်ရေး၊ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေးတွင် ကူညီ ဆောင်ရွက်ပေးရန် အစရှိသည်တို့ကို ပြောဆိုခဲ့ကြောင်း သိရသည်။

“ထိုင်းဝန်ကြီးချုပ် ရင်လတ်က မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီဆောင်ရွက်ပေးမယ်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အနေနဲ့ မနေ့က ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ရေနက်ဆိပ်ကမ်း လမ်ချာဘန်ကို သွားရောက်လေ့လာထားတယ်။ ဒီလေ့လာမှုက နှစ်နိုင်ငံအကြား ပူးပေါင်း လုပ်ဆောင်မှုတွေမှာ အရေးပါမှုတစ်ခု ဖြစ်လာလိမ့်မယ်။ နောက်ပြီး သြဂုတ်လထဲမှ ထိုင်းနိုင်ငံဘက်က ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို မြန်မာနိုင်ငံကို စေလွှတ်သွားမယ် စတဲ့အချက်တွေကို သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်” ဟု ကိုဝေဖြိုးက ဆက်လက် ပြောပြပါသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော် သမ္မတက မြန်မာဘာသာဖြင့် ပြောဆိုခဲ့ကာ ထိုင်းဝန်ကြီးချုပ်က ထိုင်းဘာသာစကားဖြင့်ပင် ပြောဆိုခဲ့ကြောင်း၊ သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်မှု အသွင်သာ ဆောင်ခဲ့ပြီး သတင်းထောက်များမှ မေးခွန်းမေးမြန်းခြင်း အစီအစဉ်မပါရှိခဲ့ကြောင်း သိရပါသည်။

ယနေ့ မွန်းလွဲပိုင်း အစီအစဉ်၌မူ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် အဖွဲ့သုံးဖွဲ့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရပါသည်။ နိုင်ငံတော် သမ္မတနှင့်အတူ လိုက်ပါလာသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှာ ယနေ့ မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ Rice Engineering supply ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း၊ အဆိုပါဆွေးနွေးပွဲသို့ မြန်နိုင်ငံ ဆန်စပါး ထုတ်လုပ်သူများအသင်း၊ တောင်သူလယ်သမား ကိုယ်စားလှယ်များနှင့် စက်မှုဇုန်ကိုယ်စားလှယ်များလည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည်လည်း ထိုင်နိုင်ငံရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် နေရာ အချို့သို့ သွားရောက်လေ့လာရန် အစီအစဉ်ရှိကြောင်းနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ လုပ်ကိုင်နေသော Phamattana Sea food ကုမ္ပဏီကိုလည်း သွားရောက် လေ့လာမည်ဟု သိရပါသည်။

နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့သည့် ယနေ့ ညပိုင်းတွင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်မှ တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်မည်ဖြစ်ကာ ဇူလိုင်လ ၂၄ ရက်နေ့တွင် မြဘုရားသို့ သွားရောက်ဖူးမျှော်ရန် အစီအစဉ်ရှိကြောင်း သိရပါသည်။