Tuesday, July 24, 2012

မြန်မာ့ စွမ်းအင် လိုအပ်ချက် ထိုင်း PTT က ကူညီမည်

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ထိုင်းအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များ ရရှိပြီးနောက် မြန်မာသမ္မတ ဦးသိန်းစိန်သည် တနင်္လာနေ့က ထိုင်းထိပ်တန်း စီးပွါးရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။

ထိုင်းနိုင်ငံ ထိပ်တန်း နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကြီးဖြစ်သော PTT နှင့် တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံထံမှ ဝယ်ယူနေ သော ဓါတ်ငွေ့များအနက် ပိုလျှံဓါတ်ငွေ့အချို့ကို မြန်မာနိုင်ငံတွင် ကာလကြာမြင့်စွာကပင် ဖြစ်ပေါ်လျက်ရှိသော  စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ် မည်ဖြစ်ကြောင်း ကတိပြုချက်ကို ရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ဓါတ်ငွေ့ မလုံလောက်မှုကြောင့်တကြောင်း၊ ဓါတ်အားပေးစက်ရုံများ မလုံလောက်မှုကြောင့်တကြောင်း နိုင်ငံတွင်း လျှပ်စစ်ဓါတ်အား လိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်ပေးနိုင်စွမ်း မရှိပေ။

နှစ်နိုင်ငံ စီးပွါးရေး ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် PTT ၊ ထိုင်း ဘိလပ်မြေ လုပ်ငန်းအုပ်စု၊ Charoen Pokphand Foods (CPF) တို့မှ အမှုဆောင်အရာရှိများနှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံခဲ့သည်။

“လွန်ခဲ့တဲ့အနှစ် ၂ဝ အတွင်း မြန်မာနိုင်ငံက လုပ်ငန်းကန်ထရိုက်အများအပြားကို ကျနော်တို့ ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံ က လျှပ်စစ်ပြဿနာကို ရေတိုဖြေရှင်းနိုင်ရေးအတွက် ဓါတ်ငွေ့များကို ပြန်လည်ပေးအပ်မှာ ဖြစ်ပါတယ်” ဟု PTT မှ အမှုဆောင်အရာရှိချုပ် Pailin Chuchottaworn က ပြောသည်။

“မြန်မာနိုင်ငံဟာ သူ့မှာ စွမ်းအင် မလုံလောက်တာတောင်မှ ကန်ထရိုက်စာချုပ်ပါ အချက်များအတိုင်း လိုက်နာပြီး ထိုင်းနိုင်ငံကို ဓါတ်ငွေ့များ ရောင်းချခဲ့ပါတယ်။ နှစ်ပေါင်း ၂ဝ လုံးလုံး မြန်မာနိုင်ငံမှာ လုပ်ငန်းချဲ့ထွင်မှုများ ပြုလုပ်ခဲ့ ပြီးနောက် မြန်မာနိုင်ငံကို ကိုယ့်နိုင်ငံလိုပဲ ကျနော်တို့ စာနာ သဘောထားပါတယ်” ဟု သူက ပြောကြားခဲ့သည်။

အခြား ဓါတ်ငွေ့လုပ်ကွက်များ ထပ်မံရရှိထား၍ ရတနာ ဓါတ်ငွေ့တွင်းမှ နေ့စဉ် ဓါတ်ငွေ့ ကုဗပေ သန်း ၄ဝကို မြန်မာနိုင်ငံ သို့ ပြန်လည်ပေးအပ်ရသော်လည်း PTT ၏ ဓါတ်ငွေ့ ဖြန့်ဖြူးထောက်ပံ့မှု လုပ်ငန်းများအား ထိခိုက်မှုရှိစေမှာ မဟုတ် ကြောင်း PTT ၏ ဓါတ်ငွေ့ ရှာဖွေရေးနှင့်ထုတ်လုပ်ရေး အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌ Tevin Vongvanich က ပြော သည်။

ပြည်တွင်းထုတ် သတင်းဌာနများ၏ ရေးသားဖော်ပြချက်များအရ Charoen Pokphand Foods စားသောက်ကုန် လုပ်ငန်းသည် နောက် ၃ နှစ်အတွင်း မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာ သန်း ၅၅ဝ မျှ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားမည်ဟု အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌ Adirek Sripratak က ပြောဆိုခဲ့သည်ဟု ဆိုသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများတွင် ဆန်စက်များ၊ မျိုးစေ့လုပ်ငန်းများ၊ တိရိစ္ဆာန် အစားအစာ ထုတ်လုပ်ရေး လုပ်ငန်းများ၊ နွားမွေးမြူရေး လုပ်ငန်းများနှင့် ရေလုပ်ငန်းတို့ ပါဝင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင်း အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးလုပ်ငန်း ပိုမိုလျင်မြန် တိုးတက်လာစေရန်အတွက် ထိုင်းနိုင်ငံ မှ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းစုကြီးဖြစ်သော ထိုင်းဘိလပ်မြေအုပ်စုက အမေရိကန်ဒေါ်လာ ၃၁၄ သန်းတန် ဘိလပ်မြေ ထုတ်လုပ်ရေး စက်ရုံတရုံကို မြန်မာနိုင်ငံတွင် တည်ဆောက်သွားမည်ဟု ပြောဆို ခဲ့သည်။

သို့သော် သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း လုပ်ငန်း ရှေ့ဆက်ဆောင်ရွက်ရေးအတွက် ထိုင်းနိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှုကို ရရှိရန် ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာ နှင့် သဘောတူညီချက် ရရှိရေးပင် ဖြစ်သည်။ ယင်းတွင် စီမံကိန်းအတွက် ရေရှည် ဘဏ္ဍာရေး အထောက်အပံ့များ ရရှိရေးလည်း ပါဝင်သည်။

ဤစီမံကိန်း တည်ဆောက် အကောင်အထည်ဖော်ရေးတွင် ပင်မကုမ္ပဏီဖြစ်သော အီတာလီယံထိုင်း ကုမ္ပဏီ ITD သည် အစိုးရနှင့်ပုဂ္ဂလိက အဖွဲ့အစည်းများထံမှ စီမံကိန်း အကောင်အထည် ဖော်ရေး ရံပုံငွေများ ရရှိရေးတွင် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်။ မြန်မာနိုင်ငံမှ ဤစီမံကိန်းအတွက် စီးပွါးဖက် ကုမ္ပဏီလုပ်ငန်းစုကြီးဖြစ်သော မက်စ်မြန်မာ ကုမ္ပဏီက စီမံကိန်းတွင် ပါဝင်ထားသော မိမိ၏ အစုရှယ်ယာများကို ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း ဇွန်လ အတွင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့ကြောင့် စီမံကိန်း ဆောင်ရွက်မှုလုပ်ငန်းများမှာ လွန်ခဲ့သော လများအတွင်း နှေးကွေးသွားခဲ့သည်။ သို့သော် ထိုင်းနိုင်ငံကမူ စီမံကိန်း၏ ကနဦး အခြေခံ အဆောက်အအုံများ တည်ဆောက်ရေးအတွက် PTT ကုမ္ပဏီက ဒေါ်လာ ၃ ဘီလျံ ပေးအပ် ထည့်ဝင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့သည်။

ထားဝယ် စီမံကိန်းတွင် အကျယ်အဝန်း ၂၅ဝ စတုရန်း ကီလိုမီတာရှိသည့် စက်မှုဇုံတခု ပါဝင်မည် ဖြစ်သည်။ ယင်းတွင် သံမဏိစက်ရုံ၊ ရေနံဓါတုလုပ်ငန်းများနှင့် ရေနံချက်စက်ရုံများ၊ ထိုင်းနိုင်ငံ ဆိပ်ကမ်းများနှင့် စက်မှုဒေသများကို ဆက်သွယ်ပေးမည့် ရထားနှင့် ကားလမ်းစီမံကိန်းများ၊ လာအို ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတို့နှင့် ဆက်သွယ်ပေး မည့် ကားလမ်း ရထားလမ်းများ ပါဝင်မည် ဖြစ်သည်။ စီမံကိန်း တခုလုံး ကုန်ကျစရိတ်မှာ ဒေါ်လာ ၆ဝ ဘီလျံမျှရှိမည်ဟု ခန့်မှန်းထားသည်။

အဆိုပါ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား လုံခြုံရေး၊ အခြေခံအဆောက်အအုံနှင့် ထောက်ပို့လုပ်ငန်းများ အတွက် အကူအညီပေးရန် နားလည်မှု စာချွန်လွှာများလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည့် ၂ဝ၁၄ ခုနှစ် မတိုင်မီ လိုအပ်သော လမ်းညွှန် ကူညီမှုများကိုလည်း ထိုင်းနိုင်ငံက ပေးအပ်သွားမည်ဖြစ်သည်။

လက်ရှိ နယ်စပ် စစ်ဆေးရးဂိတ် ၃ ခုအပြင် ချင်းမိုင်၊ မယ်ဟောင်ဆောင် နှင့် ကန်ချန ဘူရီတို့တွင် နောက်ထပ် နယ်စပ် စစ်ဆေးရေးဂိတ် ၃ ခု ထပ်မံဖွင့်လှစ်ရန်လည်း ဦးသိန်းစိန်နှင့် ယင်လပ်တို့ သဘောတူညီခဲ့ကြသည်။

တနင်္လာနေ့က အစိုးရဧည့်ဂေဟာတွင် ဝန်ကြီးချုပ် ယင်လပ်က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်း မပြုမီ ထိုင်းနိုင်ငံ တော်ဝင်မင်းသမီး ချာကရီသီရိဒုံ ကို Chitralada နန်းတော်၌ သမ္မတ ဦးသိန်းစိန် တွေ့ဆုံခွင့် ရရှိခဲ့သည်။

တနင်္ဂနွေနေ့တွင် ဦးသိန်းစိန်သည် ထိုင်းပင်လယ်ကွေ့ရှိ Laem Chabang ရေနက်ဆိပ်ကမ်းကို သွားရောက် စစ်ဆေး ကြည့်ရှုခဲ့သည်။ ယင်းသည် ထားဝယ်မှ ကားလမ်းဖြင့် ဆက်သွယ်ထားရှိမည့် ရေနက်ဆိပ်ကမ်းဖြစ်ပြီး မလေးရှား ကျွန်းဆွယ်ကို ရေကြောင်းမှ ဖြတ်ရန်မလိုဘဲ ငွေနှင့်အချိန်ကုန် သက်သာသွားမည် ဖြစ်သည်။

ထားဝယ် ရေနက်စီမံကိန်းကြောင့် ထိုင်းနိုင်ငံက မြန်မာနိုင်ငံထက် ပိုမိုအကျိုးကျေးဇူး ခံစားရလိမ့်မည် ဖြစ်ကြောင်း သြစတြေးလျ မက်ကွိုင်းကား တက္ကသိုလ်မှ စီးပွါးရေးပညာရှင် ရှောင်တားနဲလ် က အမေရိကန်အသံ၏ ဆောင်းပါး အစီအစဉ်တွင် ရေးသားပြောဆိုထားသည်။

“အခွင့်အလမ်း အားသာချက်တွေ အားလုံးက မြန်မာနိုင်ငံထက် ထိုင်းနိုင်ငံကိုပဲ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ သဘာဝ သယံဇာတတွေနဲ့ အရာအားလုံးကို ဘန်ကောက် နဲ့ ထိုင်းနိုင်ငံရဲ့ စက်မှု ထုတ်လုပ်ရေး လုပ်ငန်းအချို့ရှိရာကို ဒီစီမံကိန်း ကြောင့် လွယ်လွယ်ကူကူ ရောက်ရှိသွားစေနိုင်မှာကြောင့်ပဲ ဖြစ်ပါတယ်။ ကျနော် ဆိုလိုတာ ဒီစီမံကိန်းဟာ မြန်မာ့ စက်မှုလုပ်ငန်း တိုးတက်ရေးအတွက် ဥပမာပြရရင် မြန်မာ့ဈေးကွက်ကို ရောက်ရှိရေးအတွက် အနည်းငယ်သာ အထောက်အကူဖြစ်မှာ ဖြစ်လို့ပါပဲ” ဟု ရှောင်တားနဲလ် က ပြောဆိုခဲ့သည်။

ဤအတောအတွင်း ထိုင်းနိုင်ငံရှိ မြန်မာရို ဟင်ဂျာအဖွဲ့ကလည်း ဦးသိန်းစိန်နှင့် ယင်လပ်တို့ တွေ့ဆုံဆွေးနွေးရာ ခန်းမအပြင်ဘက်တွင် တနင်္လာနေ့က ဆန္ဒပြခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် လူမျိုးရေး အဓိကရုဏ်းနှင့် အကြမ်းဖက်မှုများ ဖြစ်ပွါးခဲ့ပြီး လူပေါင်း ၇၈ ဦး သေဆုံးခဲ့သည်။ ရိုဟင်ဂျာ အရေးကိစ္စအပေါ် မြန်မာအစိုးရက ကိုင်တွယ်ပုံနှင့်စပ်လျဉ်းပြီး နိုင်ငံတကာ အဖွဲ့အစည်း အများအပြားက ဝေဖန်ခဲ့ကြ သည်။ မြန်မာနိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခြင်းခံရသော ရိုဟင်ဂျာများအတွက် ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီး ရုံးက တာဝန်ယူရန် လွန်ခဲ့သော အပတ်က သမ္မတ ဦးသိန်းစိန် က ပြောဆိုထားသည်။

ထင်ရှားသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို မြင့်တွေ့ခဲ့ရလင့်ကစား လွန်ခဲ့သော နှစ်အတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေသည် ခြုံကြည့်လျှင် ပိုမိုဆိုးရွားလာခဲ့ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI မှ Benjamin Zawacki က အမေရိကန်အသံကို ပြောဆိုခဲ့သည်။

“သူတို့ရဲ့ အမှန်တကယ် နိုင်ငံသားအဆင့်အတန်းက ဘယ်လိုပဲဖြစ်ဖြစ် ရိုဟင်ဂျာတွေဟာ နိုင်ငံသားတွေ မဟုတ်ဘူးလို့ သမ္မတ ဦးသိန်းစိန်က ရိုးရိုးလေးပဲ ပြောသွားခဲ့ပါတယ်။ အခုလည်း အရေးပေါ်အခြေအနေ ကြေညာထားတဲ့အောက်မှာ လုံခြုံရေး တပ်ဖွဲ့တွေကို ဒီတိုင်းရင်းသား လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြုလုပ်ခွင့် ပေးထားပါ တယ်” ဟု ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသို့ မပြန်မီ သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းမှ ခေါင်းဆောင်များနှင့် မြန်မာ သံရုံးတွင် အင်္ဂါနေ့၌ တွေ့ဆုံမည် ဖြစ်သည်။