Friday, August 23, 2013

ထားဝယ်အထူးစီးပွာရေးဇုန်မှ ထိုင်းနိုင်ငံနံပါတ် တပ်ဆင်ထားသော မော်တော်ယာဉ်များ ထားဝယ်မြို့တွင်းသို့ ၀င်ရောက်မှုကြောင့် အရေးယူမှုများရှိ

ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်း ထီးခီးနယ်စပ်ဂိတ် အနီးတွင် တွေ့ရသော ထိုင်းနံပါတ်တပ် ယာဉ်များ
 ထားဝယ်အထူးစီးပွားရေးဇုန်တွင် အသုံးပြုနေသော မော်တော်ယာဉ်များ ထားဝယ်မြို့တွင်းသို့ ၀င်ရောက်လာမှုများ ရှိခဲ့သဖြင့် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ရကြောင်း တိုင်းဒေသကြီး ရဲမှူးကြီး ကြည်လင်းက ပြောကြားခဲ့သည်။
စီမံကိန်းက ကားတွေကို ယာယီခွင့်ပြု နံပါတ်ပြားတွေ ပေးထားပြီးသားပါ။ စီမံကိန်းက ကားအစီး ၃၀၀ ကျော်အတွက် ITD က အခွန်ဆောင်ပြီးသားပါ။ က.ည.န မှာ အခွန်မဆောင်ထားလို့  မြန်မာလိုင်စင်တော့ မရပါဘူး . . . . .

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် Italian-Thai Development Co;Ltd(ITD) ကုမ္ပဏီမှ လုပ်ငန်းသုံး မော်တော်ယာဉ်များကို စီမံကိန်းတွင် အသုံးပြု မောင်းနှင်ခွင့် ယာယီလိုင်စင် ကတ်ပြားများ ထုတ်ပေးထားပြီး ဖြစ်သော်လည်း စီမံကိန်းမှ မော်တော်ယာဉ်အချို့မှာ ယင်းယာယီကတ်ပြားကို တပ်ဆင်ခြင်းမပြုဘဲ ထိုင်းနံပါတ်ပြားကို တပ်ဆင်၍ ထားဝယ်မြို့အတွင်း သွားလားခဲ့သဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

"သူတို့က မြို့ထဲကို ထိုင်းနံပါတ်တပ်ပြီး ၀င်လာလို့ ဖမ်းတာပါ။ ကား ၁၀ စီးလောက်ဖမ်းပြီး ဒဏ်ရိုက်ခဲ့ပါတယ်။ သူတို့ စီမံကိန်းက ကားတွေကို ယာယီခွင့်ပြု နံပါတ်ပြားတွေ ပေးထားပြီးသားပါ။ စီမံကိန်းက ကားအစီး ၃၀၀ ကျော်အတွက် ITD က အခွန်ဆောင်ပြီးသားပါ။ က.ည.န မှာ အခွန်မဆောင်ထားလို့  မြန်မာလိုင်စင်တော့ မရပါဘူး။ ဖမ်းမိခဲ့တဲ့ ကားသမားတွေကိုတော့ ပညာပေးပုံစံပဲလုပ်ပြီး လွှတ်လိုက်ပါတယ်။

နောက်နေ့ရောက်တော့ သူတို့စီမံကိန်းက ထိုင်းနံပါတ်တပ်ထားတဲ့ ကားတွေအားလုံး  ယာယီနံပတ်တွေလာပေး  ကြပါတယ်။ ဒေသတွင်းက KNU တပ်ဖွဲ့တွေရဲ့ ကားတွေလည်း သတ်မှတ်နံပါတ်မတပ်လို့ KNU ဌာနချုပ်ကို အကြောင်းကြားပြီး ကန့်ကွက်ထားပါတယ်။ ဌာနချုပ်ကတော့ အဲဒီကားတွေကို ဖမ်းပါလို့ ပြောပါတယ်။ ဒီဒေသမှာ လူမှုရေးလုပ်ငန်းတွေ ပြုလုပ်ဖို့အတွက် လူနာတင်ယာဉ်နဲ့ နိဗ္ဗာန်ယာဉ်တွေကိုပဲ သတ်မှတ်နံပါတ် တစ်ခုနဲ့ ခွင့်ပြုပေးထားပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီး တစ်ခုလုံးမှာ လိုင်စင်မဲ့ ကားအားလုံး အစီး ၃၀၀ ကျော် ရှိပါတယ်။ ၃၂ စီးတော့ ဖမ်းပြီးပါပြီ။ ကျွန်တော်တို့က Without ကားတွေကို အိမ်အရောက် လိုက်မဖမ်းပါဘူး။ အပြင်ထွက်လာမှ ဖမ်းတာပါ။ Without ကားတွေက ထီးခီးနဲ့ မောတောင်နယ်စပ်ဘက်က ၀င်လာတာ မရှိပါဘူး" ဟု တိုင်းဒေသသကြီး ရဲမှူးကြီးကြည်လင်းက ပြောကြားခဲ့သည်။

ထားဝယ်ဒေသအတွင်းတွင် လိုင်စင်မဲ့ ကားများကို ဖမ်းဆီးမှုများ ရှိနေသော်လည်း နယ်စပ်နေရာများတွင် ထိုင်းနိုင်ငံမှ လိုင်စင်မဲ့ကားများ ၀င်ရောက်မောင်းနှင်မှုများ ရှိနေဆဲဖြစ်ပြီး ထားဝယ်မြို့တွင်းသို့ပါ ရံဖန်ရံခါ ရောက်ရှိလာမှုများ ရှိနေကြောင်း သိရသည်။ ထို့အတူ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအကောင်အထည် ဖော်ရာ နေရာအချို့တွင်လည်း ထိုင်းနံပါတ် တပ်ထားသောကားများ အသုံးပြုလျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။