Friday, August 23, 2013

ထားဝယ်ဒေသ၌ တည်ဆောက်မည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ မဂ္ဂါဝပ် ၅၀၀ စီမံကိန်းကို အဆင့်သုံးဆင့်ခွဲ၍ ၂၀၁၆ ဇန်န၀ါရီတွင် အပြီးတည်ဆောက် သွားမည်

ပင်လယ်ရေနက်ပိုင်း ဓာတ်ငွေ့တူးစင်မှ ရောက်ရှိလာသည့် သဘာဝဓာတ်ငွေ့များ ပြန်လည်တွန်းပို့သည့် စက်ရုံအနီးရှိ ဓမင်းဆိပ် ကျေးရွာအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)
တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် Dawei Power and Unlity Co;ltd (DPU) မှ တည်ဆောက်မည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ မဂ္ဂါဝပ် ၅၀၀ စီမံကိန်းကို အဆင့်သုံးဆင့်ခွဲ၍ ၂၀၁၆ ခုနှစ် ဇန်န၀ါရီတွင် အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်း ဒေသကြီးတွင် အမျိုးသား မဟာဓာတ်အားလိုင်း မရောက်ရှိသည့် အတွက် ပြည်သူများ အနေဖြင့် ပုဂ္ဂလိက လျှပ်စစ်ပေးဝေရေး လုပ်ငန်းများတွင် တစ်ယူနစ်လျှင်ကျပ် ၅၀၀ ခန့်ဖြင့် ဈေးနှုန်းကြီးမြင့်စွာ ၀ယ်ယူအသုံးပြု နေရကြောင်း၊ ထို့ကြောင့် ကံပေါက်ဒေသတွင် တည်ဆောက်မည့် သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၅၀၀ မဂ္ဂါဝပ် စီမံကိန်းကိုမည်သို့ စီစဉ်ဆောင်ရွက် နေသည်ကို သိရှိလိုကြောင်း ပထမအကြိမ် တနင်္သာရီတိုင်း ဒေသကြီး သတ္တမပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် ရေဖြူမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးထွန်းမြင့်က မေးမြန်းခဲ့ရာ တိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးဝင်းဆွေက ပြန်လည် ဖြေကြားခဲ့ရာတွင် '' ၂၀၁၃ နှစ်ကုန်ပိုင်းလောက် ပြီးမယ့် EIA/SIA လေ့လာမှုတွေပြီးရင် စီမံကိန်းကို အဆင့် သုံးဆင့်နဲ့ အကောင်အထည် ဖော်သွားမယ်လို့ အစီရင်ခံစာအရ သိရပါတယ်။ စီမံကိန်း ပထမအဆင့်မှာ မဂ္ဂါဝပ် ၁၈၀ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံကို ၂၀၁၄ ဇန်န၀ါရီကနေ ၂၀၁၅ ဇန်န၀ါရီအထိ၊ ဒုတိယအဆင့်မှာ မဂ္ဂါဝပ် ၁၈၀ စက်ရုံကို ၂၀၁၄ ဇူလိုင်ကနေ ၂၀၁၅ ဇူလိုင်အထိ၊ တတိယ အဆင့်မှာ ၁၆၀ မဂ္ဂါဝပ်စက်ရုံကို ၂၀၁၅ ဒီဇင်ဘာလကနေ ၂၀၁၆ ဒီဇင်ဘာလအထိ သတ်မှတ်ထားပါတယ်။ စီမံကိန်းကာလ တစ်ခုမှာ ၁၂ လကြာ မှာဖြစ်ပြီး သတ်မှတ်ချိန်မှာအပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ တနင်္သာရီ တိုင်းဒေသကြီးဟာ အမျိုးသား မဟာဓာတ်အားလိုင်း မရောက်ရှိတဲ့ နေရာဖြစ်လို့ ဒေသခံတွေက ပုဂ္ဂလိက မီးပေးဝေရေးတွေမှာ ဈေးနှုန်းကြီးမြင့်စွာနဲ့ လျှပ်စစ်ကို ၀ယ်သုံးနေရပါတယ်။ တိုင်းဒေသကြီး အစိုးရအနေနဲ့လည်း ဓာတ်အားခ သက်သာစွာနဲ့ ပေးဝေနိုင်ဖို့ ဖြစ်မြောက်နိုင်မှုတွေကို လေ့လာရာမှာ သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်ထုတ်တာ အကောင်းဆုံးဖြစ်ပါတယ်။ အခုစီမံကိန်းက ထွက်ရှိမယ့် ၅၀၀ မဂ္ဂါဝပ်ဟာ ဒီဒေသက သုံးစွဲမှုထက် ပိုလျှံနေတဲ့အတွက် အခြားနေရာ ဒေသတွေက အသုံးပြုနိုင်ဖို့ မော်လမြိုင်ကနေ ဒီအထိ သွယ်တန်းမယ့် အမျိုးသား မဟာ ဓာတ်အားလိုင်းပေါ် တင်ပါမယ်။ ဒါကြောင့် မော်လမြိုင်-ထားဝယ် မဟာဓာတ်အား လိုင်းကလည်း အရေးကြီးပါတယ်။ ဓာတ်အားလိုင်း သွယ်တန်းမှုကို ဒီစီမံကိန်းနဲ့  အပြိုင်တည်ဆောက်ဖို့ ရှိပါတယ်။ ထားဝယ်ကနေ မြိတ်အထိလည်း မဟာဓာတ်အားလိုင်း သွယ်တန်းဖို့ရှိပြီး သက်ဆိုင်ရာ ၀န်ကြီးဌာန ကလည်း မကြာခင် ခွင့်ပြုပေးမယ်လို့ ကြားသိရပါတယ်။ အခုလုပ်မယ့် ဂက်စ်တာဘိုင်နဲ့ ပတ်သက်လို့ ပြည်သူတွေကို မီဒီယာက နေတစ်ဆင့် ချပြပေးသွားမှာ ဖြစ်ပါတယ်'' ဟု တိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးဝင်းဆွေက ဆက်လက် ပြောကြားခဲ့သည်။

ကံပေါက်ဒေသရှိ အဆိုပါ စီမံကိန်းမှ ထားဝယ်မြို့သို့ ထားဝယ်မြစ်ကြောင်း တစ်လျှောက် ဓာတ်အားလိုင်း သွယ်တန်းသွားရန် လေ့လာမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၅၀၀ မဂ္ဂါဝပ် စီမံကိန်း တည်ဆောက်မည့် Dawei Power and Unlity Co;ltd(DPU) မှာ ထိုင်းအခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်ပြီး စက်ရုံအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့ကို ကံပေါက်ဒေသရှိ ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းဆောင်ရွက် နေသော PTTEP ကုမ္ပဏီမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ 100 MMSCFD (Million Standard Cubic/Day) ပေးပို့မည် ဖြစ်သည်။ တနင်္သာရီတိုင်း ဒေသကြီးတွင် လျှပ်စစ်ထုတ်လုပ်ရန် အတွက် စီမံကိန်းများ အကောင်အထည် ဖော်လျက်ရှိပြီး ထားဝယ်ခရိုင်တွင် (မဂ္ဂါဝပ် ၅၀၀)ကံပေါက် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို Dawei Power and Unlity Co;ltd(DPU)၊ (၂၀၀ မဂ္ဂါဝပ်) လေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (တောင်သုံးလုံး) စီမံကိန်းကို Zeya & Associates Co;ltd၊ မြိတ်ခရိုင်တွင် (၅၀ မဂ္ဂါဝပ်) ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံစီမံကိန်းကို သန်းဖြိုးသူ သတ္တုလုပ်ငန်း ကုမ္ပဏီ၊ ကော့သောင်း ခရိုင်တွင် (၈ မဂ္ဂါဝပ်) ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံစီမံကိန်းကို သန်းဖြိုးသူ သတ္တုလုပ်ငန်း ကုမ္ပဏီနှင့် (၅၀၀ မဂ္ဂါဝပ်)ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံစီမံကိန်း (ဘုတ်ပြင်း)ကို ၂၄ နာရီ သတ္တုနှင့် စက်မှုလုပ်ငန်း ကုမ္ပဏီတို့မှ ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်။