Friday, August 23, 2013

ထားဝယ်စီမံကိန်း အတွင်းရှိ မြန်မာလုပ်သား အများစု အလုပ်ခွင်အတွင်း ခွဲခြားဆက်ဆံခြင်းများ ကြုံတွေ့နေရ

ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရှိ လုပ်ငန်းခွင်တစ်နေရာအား ဇူလိုင်လအတွင်းက တွေ့ရစဉ်
တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသတွင် တည်ဆောက်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ၀င်ရောက်လုပ်ကိုင်နေသော ဒေသခံများနှင့် မြန်မာလုပ်သားများ အနေဖြင့် ထိုင်းလုပ်သားများနှင့် ခွဲခြားဆက်ဆံမှုများ ကြုံတွေ့နေရကြောင်း စီမံကိန်းအတွင်း လုပ်ကိုင်နေသည့် မြန်မာလုပ်သားများထံမှ စုံစမ်းသိရှိရသည်။
အဓိကအားဖြင့် လစာနှင့် အလုပ်သမားများ နေထိုင်မှုအပေါ်တွင် ထိုင်းလုပ်သားများ ရရှိသည့် အခွင့်အရေးကို မြန်မာလုပ်သားများ ရရှိခြင်း မရှိကြောင်း သိရသည်။ "အလုပ်ခွင်ထဲမှာတော့ တစ်ခုမဟုတ် တစ်ခုတော့ အမြဲတမ်း ခွဲခြားခံနေရတာပဲ။ လစာဆိုရင် မြန်မာလုပ်သား တစ်ယောက်က တစ်နေ့ကို မြန်မာငွေကျပ် ၅၅၀၀ လောက်ပဲ ရတယ်။ ထိုင်းလုပ်သား တစ်ယောက်ဆိုရင် ကားသမားအဆင့်တောင် တစ်နေ့ကို မြန်မာငွေကျပ် ၂၀၀၀၀ ကျော်လောက် ရကြတယ်။ အလုပ်လုပ်ရတာလည်း အတူတူပဲ။ လုပ်ခလစာက အရမ်းကွာနေတာပေါ့။ အရင်က စက်ကြီးတွေဆို သူတို့ကိုယ်တိုင် မောင်းပေမယ့် အခုဆိုရင် မြန်မာလုပ်သားတွေလည်း မောင်းရတယ်။ နောက်ပြီးတော့ အလုပ်သမားတွေ နေထိုင်မှုမှာလည်း ခွဲခြားထားတာတွေ ရှိတယ်။

အလုပ်ချိန်က တစ်နေ့ကို မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ လုပ်ရတယ်။ အချိန်ပိုကြေးဆိုရင် တစ်နာရီကို ကျပ် ၁၀၀၀ ပေးတယ်။ နေ့တိုင်းနီးပါး အချိန်ပို ဆင်းရတယ်။ မြန်မာလုပ်သားတွေက ထိုင်းမှာသွားလုပ်သလို တစ်နေ့ဘတ် ၃၀၀ (မြန်မာငွေကျပ် ၁၀၀၀၀) ၀န်းကျင်လောက်ပေးဖို့ လိုချင်နေကြတာ။ လစာထုတ်တော့ ကိုယ်လုပ်ထားတဲ့ အချိန်ပိုကြေးတွေ ပျောက်နေတာတွေ ကြုံရပါတယ်။ အလုပ်ခွင်မှာလည်း ထိုင်းလုပ်သားတွေ က မြန်မာလုပ်သားတွေဆို နှိမ်ပြီးပြောတယ်။ တစ်ခါကဆို ရခိုင်လူမျိုး လုပ်သားတစ်ယောက်ကိုထိုင်းလုပ်သား က မင်းတို့မြန်မာတွေ အသုံးမ၀င်ဘူးဆိုပြီးပြောလို့ မြန်မာလုပ်သားတွေက ဒေါသထွက်ပြီး ချမယ်လုပ်တာ တော်တော်ထိန်းယူရပါတယ်။ အလုပ်သမား တန်းလျားမှာနေတဲ့ မြန်မာတွေဆိုရင် ရေဖိုး၊ မီးဖိုးကို လစာထဲက ဖြတ်ပါတယ်။ ထိုင်းလုပ်သားတွေကိုတော့ မဖြတ်ပါဘူး။ မီးကိုလည်း ညနေ ၆ နာရီကနေ ည ၈ နာရီအထိပဲ သုံးရပါတယ်။ ပိုသုံးမိရင်လည်း အဆူခံရပါတယ်" ဟု စီမံကိန်း လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေသည့် ကိုစောအဲကွတ်က ပြောကြားခဲ့သည်။

စီမံကိန်းအတွင်း လုပ်ကိုင်နေသည့် မြန်မာလုပ်သားများကို ကုမ္ပဏီမှ လုပ်သက်သုံးလ ပြည့်ပါက အလုပ်သမားစာချုပ် ချုပ်ဆိုရသော်လည်း ကုမ္ပဏီဘက်မှ စာချုပ်ပြုလုပ်ပေးခြင်း မရှိကြောင်း သိရသည်။ ထို့အပြင် မြန်မာလုပ်သား အင်ဂျင်နီယာ တစ်ဦးလျှင် တစ်လကျပ် ၁၅၀၀၀၀ သာ ရရှိပြီး ထိုင်းလုပ်သား တစ်ဦးလျှင် အနိမ့်ဆုံးလစာ အနေဖြင့် ဘတ် ၂၀၀၀၀ (ကျပ် ၆၀၀၀၀၀) နီးပါး ရရှိကြောင်း သိရသည်။

"ကျွန်တော်ဆိုရင် အခုဒီမှာလုပ်နေတာ နှစ်နှစ်ပြည့်တော့မယ်။ တစ်နေ့ကို ကျပ် ၄၀၀၀ ကျော်လောက်ပဲ ရပါတယ်။ ကုမ္ပဏီက လုပ်သက်သုံးလပြည့်ရင် စာချုပ်လုပ်ပေးရတာကို မလုပ်ပေးဘူး။ မနက် ၆ နာရီ အလုပ်ဝင်ရင် ညနေ ၅ နာရီ အလုပ်ဆင်းရပါတယ်။ ထိုင်းလုပ်သားရော မြန်မာလုပ်သားတွေကိုပါ နေထိုင်ဖို့အတွက် အလုပ်သမား တန်းလျားတွေ ပေးထားပေမယ့် နေရတာ ကွာခြားပါတယ်။ ထိုင်းလုပ်သား တန်းလျားမှာဆိုရင် အခန်းတိုင်းမှာ ကွန်ကရစ်တိုက်ခန်း၊ ရေချိုးခန်းနဲ့ အိမ်သာတွေ အဲယားကွန်းတွေ တပ်ပေးထားပါတယ်။ မြန်မာလုပ်သား တန်းလျားမှာတော့ သွပ်မိုးသွပ်ကာပဲဖြစ်ပြီး ရေကန်တစ်ခုတည်းမှာပဲ အားလုံးသုံးရပါတယ်။ ထိုင်းလုပ်သားတွေကို ပေးထားတဲ့ ပစ္စည်းမျိုး တစ်ခုမှ မရှိပါဘူး။ နေတဲ့နေရာမှာတောင် ထိုင်းလုပ်သားနဲ့ မြန်မာလုပ်သား တန်းလျားကို သံဆူးကြိုးတွေနဲ့ ကာရံထားပါတယ်။ မြန်မာလုပ်သားတွေက သူတို့ပစ္စည်းတွေ ခိုးမှာစိုးလို့ဆိုပြီး သိရပါတယ်။ နောက်ပြီး ထိုင်းလုပ်သားတွေအတွက် ကုမ္ပဏီက ထမင်းချက် စားဖိုမှူး ထားပေးပါတယ်။ ထမင်းလည်း အလကား စားလို့ရပါတယ်။ မြန်မာလုပ်သားတွေကိုတော့ ထမင်းဖိုးတောင် မပေးပါဘူး။ အလုပ်ခွင်မှာလည်း ထိုင်းလုပ်သားတွေက ထိုင်းစကားနားမလည်တဲ့ မြန်မာတွေဆိုရင် ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုပြီး ပြောပါတယ်။ ထိုင်းစကား နားလည်တဲ့ သူဆိုရင်တော့ သိပ်မပြောရဲပါဘူး။ နောက်ပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းဖို့အတွက် ၀တ်ဆင်ရမယ့် ပစ္စည်းတွေကို မြန်မာလုပ်သားတွေ မရပါဘူး။ အလုပ်လုပ်တာတောင် မြန်မာတွေက ပိုလုပ်ရသေးတယ်။ အနှိမ်ခံရတာကတော့ အမြဲတမ်းပါပဲ" ဟု စီမံကိန်း အလုပ်ခွင်တွင် လုပ်ကိုင်နေသည့် ကိုဇော်ဟိန်းက ပြောကြားခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် မြန်မာလုပ်သား ၂၀၀၀ ကျော်နှင့် ထိုင်းလုပ်သား ၁၀၀၀ ကျော်ရှိပြီး ဒေသခံ ရွာသားအချို့လည်း ၀င်ရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ထိုင်းလုပ်သားနှင့် မြန်မာလုပ်သားများ ပြဿနာဖြစ်ပွား၍ စီမံကိန်းအတွင်းရှိ တာဝန်ရှိသူများကို တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်ပေးခြင်း မရှိကြောင်း လုပ်သားများထံမှ သိရသည်။