Saturday, November 10, 2012

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ဂျပန်အစိုးရ ပါဝင်မည်မဟုတ်ဟု ဆို

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် အီတာလျံ- ထိုင်း ကုမ္ပဏီကို ဂျပန်အစိုးရက ကူညီမည်ဆိုသောသတင်းမှာ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံ အခြေစိုက် ဂျပန်သံရုံး Deputy Headof Mission မှ မစ္စတာ အိချိရိုမာရာယာမက ပြောသည်။
“ထားဝယ်ကိစ္စက ကူညီမယ် မကူညီဘူးဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ ဂျပန်အစိုးရက ထားဝယ်ကို လုပ်တာထက် သီလ၀ါကို ပိုဦးစားပေးတယ်” ဟု မစ္စတာ အိချိရိုက ပြောကြားခဲ့သည်။

အီတာလျံ-ထိုင်းကုမ္ပဏီ၏ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးအတွက် ထိုင်းအစိုးရက  ကူညီခဲ့သော်လည်း ငွေကြေးလိုအပ်ချက်ကြောင့် ဂျပန်နိုင်ငံမှ  ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ 

အီတာလျံ-ထိုင်းကုမ္ပဏီက ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တွင် အကောင်အထည်ဖော်ရမည့်  စီမံကိန်းခြောက်ခုမှာ ဇုန်အတွင်း ရေရရှိရေးအတွက် ဆည်တည်ဆောက်ခြင်း၊ ပြောင်းရွှေ့ကျေးရွာများကို နေရာချထားပေးခြင်းနှင့် လျော်ကြေးပေးခြင်း၊ ရေနက်ဆိပ်ကမ်းတည်ဆောက်ပေးခြင်း၊ လမ်းမကြီးနှင့်လမ်းကွန်ရက် များ ဖောက်လုပ်ခြင်း၊  လျှပ်စစ်ဓာတ်အားပေးခြင်းနှင့်ကျောက်မိုင်းခွဲခြင်းတို့ ဖြစ်သည်။

ယခင်က ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် အီတာလျံ-ထိုင်းကုမ္ပဏီမှ ၅၀ ရာ ခိုင်နှုန်း ရင်းနှီးမြှုပ်နှံ၍ စီမံကိန်းခြောက်ခုကို အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်ခဲ့သော မက်(စ်) မြန်မာကုမ္ပဏီအနေဖြင့် ယခုနှစ်အတွင်း နုတ်ထွက်ခဲ့သည်။

စီမံကိန်းအကောင်အထည် ဖော်ရာတွင် အဓိကအဆင့်သုံးဆင့်ဖြင့် သတ်မှတ်ထားပြီး လုပ်ငန်းစီမံကိန်းကို ၂၀၁၀ မှ ၂၀၁၉ ခုနှစ်အတွင်း အပြီးသတ်တည်ဆောက်မည်ဟု အီတာလျံ-ထိုင်း ကုမ္ပဏီ၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ စီမံကိန်းခြောက်ခုကို အကောင်အထည်ဖော်ရန်အတွက် အီတာလျံ-ထိုင်းကုမ္ပဏီ က အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ဆိုသည်။