Tuesday, November 27, 2012

ထားဝယ် စီးပွားရေးဇုန် တည်ဆောက်မှု ပထမဆင့်မှာ ၂၀၁၅ တွင် ပြီးစီးမည်ဖြစ်ပြီး စီမံကိန်းတွင် ပါဝင်ရင်းနှီးမြှုပ်နှံလိုသူများ အားလုံးကို အီတာလျံ-ထိုင်းဥက္ကဋ္ဌ တရားဝင်ဖိတ်ခေါ်

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတည်ဆောက်မှု၏ ပထမအဆင့်မှာ ၂၀၁၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပြီး စီမံကိန်းတွင် ပါဝင်ရင်းနှီးမြှုပ်နှံလိုသူများအား အဆိုပါစီမံကိန်းကို အဓိက ရင်းနှီးတည်ဆောက်နေသည့် အီတာလျံ-ထိုင်းကုမ္ပဏီ ဥက္ကဋ္ဌက နိုဝင်ဘာ ၂၃ ရက်က ဖိတ်ခေါ်လိုက်သည်။
''ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် အီတာလျံ-ထိုင်းကုမ္ပဏီက အခြေခံအဆောက်အဦ စီမံကိန်း ၇ ခုကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အဲဒါတွေက ရေနက်ဆိပ်ကမ်း၊ ထိုင်းနိုင်ငံနဲ့ ကားလမ်း၊ ရထားလမ်း ချိတ်ဆက်မှု၊ ရေရရှိမှုနဲ့ စွန့်ပြစ်ရေဆိုးထုတ်မှု၊ လျှပ်စစ်ရရှိမှု၊ Telecommunication နဲ့ စက်မှုအိမ်ယာတွေ တည်ဆောက်ဖို့ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းတွေမှာ ကျွန်တော်တို့နဲ့အတူ ပါဝင်လုပ်ကိုင်လိုသူတွေ အားလုံးကို ဖိတ်ခေါ်ပါတယ်'' ဟု အီတာလျံ-ထိုင်းကုမ္ပဏီ၏ ဥက္ကဋ္ဌ Mr.Premcahi Katnasuta က ပြောကြားခဲ့သည်။

၎င်းက အီတာလျံ-ထိုင်းကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်းတွင်လည်း ကုမ္ပဏီ ၇ ခု ထူထောင်ထားပြီး အဆိုပါကုမ္ပဏီ ၇ ခုတွင် ရင်းနှီးမြှုပ်နှံလိုသူများလည်း ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

၎င်းတို့ကုမ္ပဏီအနေနှင့် ဆိပ်ကမ်းနှင့် ကားလမ်းအတွက် သဘာဝနှင့် လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်မှု လေ့လာဆန်းစစ်ချက် EIA/SIA များကို ပြုလုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

စီမံကိန်း၏ ကနဦး စက်မှုအိမ်ယာ စီမံကိန်းတည်ဆောက်မှုမှာ ၂၀၁၄ ခုနှစ်အစောပိုင်းတွင် ပြီးစီးမည်ဟု ရည်မှန်းထားပြီး စီမံကိန်း၏ ပထမဆင့်မှာ ၂၀၁၅ ခုနှစ်တွင် ပြီးစီးမည် ဖြစ်သည်။

ထားဝယ် အထူးစီးပွားရေးဇုန်  စီမံကိန်းကြီးတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ စက်ရုံများ၊ ရေနံဓါတု စက်ရုံများ၊ သံမဏိ စက်ရုံများ၊ အလတ်စားနှင့်အသေးစား စက်မှုလုပ်ငန်းများ၊ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံတို့ ပါဝင်မည် ဖြစ်သည်။

ထားဝယ် ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့ ဆက်သွယ်မည့် ကားလမ်းသည် ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီအနီးရှိ ဖူနမ်ရွန် ကုန်ပစ္စည်း စစ်ဆေးရေးစခန်းနှင့် ဆက်သွယ်မည်ဟု သိရသည်။ အဆိုပါလမ်းပိုင်း ကနဦးတည်ဆောက်မှုကို ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် မြန်မာနှင့်ထိုင်းနိုင်ငံအပြင် တတိယနိုင်ငံများကိုပါ ဖိတ်ခေါ်ထားသည်ဟု အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားခဲ့သည်။

တတိယနိုင်ငံဟု ဆိုရာတွင် အာဆီယံနိုင်ငံများ၊ အရှေ့အာရှ၊ ဥရောပနှင့် အမေရိကန်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများ ကိုပါ ဖိတ်ခေါ်ထားကြောင်း သိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် အီတာလျံ-ထိုင်းကုမ္ပဏီမှာ ငွေကြေးမလုံလောက်သဖြင့် ထိုင်းအစိုးရမှ ၀င်ရောက်ကူညီပေးထားရသည်ဟု သိရသည်။ သို့သော် ထိုင်းအစိုးရမှဝင်ရောက်ကူညီပေး ထားသည့် ငွေမှာ နည်းလွန်းနေသဖြင့် ငွေကြေးပမာဏ ထပ်မံလိုအပ်လျက်ရှိကြောင်း သိရသည်။