Tuesday, November 27, 2012

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် မြန်မာနှင့်ထိုင်းအပြင် တတိယနိုင်ငံများကို ဖိတ်ခေါ်

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းအတွက် မြန်မာနှင့် ထိုင်းနိုင်ငံအပြင် တတိယနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများကိုပါ ဖိတ်ခေါ်ထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က Eleven Media Group သို့ ပြောကြားခဲ့သည်။

ဒေါက်တာကံဇော်သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်ရှိ Cambodiana ဟိုတယ်၌ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံ သူများ ဖိတ်ခေါ်ရန် စီစဉ်ခဲ့ခြင်းအပေါ် Eleven Media Group ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားရာ၌ ထိုသို့ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ထားဝယ်ရေနက်ဆိပ်ကမ်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ဆိုတာ လက်ရှိမှာတော့ မြန်မာနဲ့ အီတာလျှံထိုင်းကုမ္ပဏီနဲ့ ဆောင်ရွက်နေတာ ဖြစ်ပြီးတော့ အဲဒီမှာ တတိယမြောက်နိုင်ငံ ပါဝင်လာနိုင်အောင် ကျွန်တော်တို့က ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ တတိယမြောက်နိုင်ငံဖြစ်တဲ့ မြန်မာနဲ့ ထိုင်းအပြင် တခြားနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေ ၀င်ရောက်လာနိုင်အောင် ဖြစ်ပါတယ်” ဟု ဒေါက်တာကံဇော်က ပြောပါသည်။

တတိယနိုင်ငံများဟု ဆိုရာတွင် အာဆီယံနိုင်ငံများ၊ အရှေ့အာရှ၊ ဥရောပနှင့် အမေရိကန်နိုင်ငံမှ ရင်းနှီးမြုပ်နှံ သူများကိုပါ ဖိတ်ခေါ်ထားကြောင်း သိရသည်။

“ထားဝယ်ရေနက်ဆိပ်ကမ်းက ကြီးတဲ့အတွက် ကဏ္ဍတစ်ခုချင်းအလိုက် ဧရိယာတစ်ခုချင်းအလိုက် ခွဲခြမ်းတည်ဆောက်နိုင်ဖို့ တတိယနိုင်ငံများကို ဖိတ်ခေါ်တာဖြစ်တဲ့အတွက် တတိယနိုင်ငံများအနေနဲ့ကတော့ အာဆီယံနိုင်ငံတွေလည်း ပါပါတယ်။ အရှေ့အာရှနိုင်ငံတွေလည်း ပါပါတယ်။ သြစတြေးလျ၊ နယူးဇီလန် ဒါ့အပြင် လက်ရှိပွင့်လင်းလာတဲ့ ဥရောပနိုင်ငံများရော၊ အမေရိကန်က ရင်းနှီးမြှုပ်နှံသူတွေရော လာနိုင်ဖို့အတွက် ဖိတ်ခေါ်ထားပါတယ်။ နိုင်ငံတစ်ခုတည်း အနေနဲ့ သီးခြားဖော်ပြထားတာ မဟုတ်ဘဲနဲ့ တတိယနိုင်ငံများ ပါဝင်လာနိုင်အောင် ဖိတ်ခေါ်ထားပါတယ်ဟု  ဒေါက်တာကံဇော်က ပြောသည်။ စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလုပ်ဆောင်သူမှာ ထိုင်းနိုင်ငံမှ အီတာလျှံထိုင်း ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ ရင်းနှီးမြှုပ်နှံသူ အနေဖြင့် ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ တည်ထောင်ပြီး ရှယ်ယာများ ဖိတ်ခေါ်ဆောင်ရွက်မည်ဟု မြန်မာတိုင်း(မ်)ဂျာနယ်မှ မေးမြန်းသော မေးခွန်းကို ပြန်လည်ဖြေကြားရာ၌ ဒေါက်တာကံဇော်က ထည့်သွင်းဖြေဆိုခဲ့သည်။

“မြန်မာဘက်က ရင်းနှီးမြှုပ်နှံမှု အပိုင်းကတော့ အများပိုင်ကုမ္ပဏီဖွင့်ပြီး ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုက အများပြည်သူ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ ဒါအတွက်လည်း ရှယ်ယာတွေ ရောင်းနေတာ ရှိတဲ့အတွက် ပမာဏကိုတော့ ရှယ်ယာရနိုင်၊ မရနိုင်ပေါ်မှာဘဲ တွက်နိုင်မှာပါ” ဟု ဒေါက်တာကံဇော်က ပြောကြားခဲ့သည်။