Tuesday, November 27, 2012
ထားဝယ်ရေနက်ဆိပ်ကမ်း၊ ကန်ချနဘူရီလမ်းပိုင်း၊ ရေကာတာ စီမံကိန်းတို့အား EIA ပြုလုပ်ရန် အဖွဲ့အစည်းတစ်ခုစီကို အပိုင်းလိုက်ငှားရမ်းထားပြီး ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း၌ ထွက်ရှိရန် ပြင်ဆင်နေ
ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရန်လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းများ ပို့ဆောင်သည့် ကုန်တင်သင်္ဘောများကို အောက်တိုဘာလအတွင်းက တွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သည့် ရေနက်ဆိပ်ကမ်း၊ ကန်ချနဘူရီ လမ်းပိုင်း၊ ကလုံးထာ ရေကာတာစီမံကိန်းတို့အား သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဆိုင်ရာ လေ့လာဆန်းစစ်ချက် (Enviromental Imapct Assessment-EIA) ပြုလုပ်ရန် အဖွဲ့အစည်းတစ်ခုစီကို ငှားရမ်းထားပြီး လာမည့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း၌ EIA ထွက်ရှိနိုင်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိပါသည်။
“အခု မူကြမ်းပြီးပါပြီ။ ကွင်းဆင်းတာတွေ ပြီးပြီ။ မူကြမ်းရပြီ။ အခု Enviroment Management Plan ဆွဲနေကြပါတယ်။ ပြီးရင် ပြည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးတာ နှစ်ကြိမ်လုပ်မယ်။ ပြီးရင် နောက်ဆုံးအဆင့် ဖြစ်ပါတယ်။ Final ပြီးဖို့ လိုပါသေးတယ်။ အမြန်ဆုံးပြီးဖို့ ပြင်ဆင်နေတယ်။ ၂၀၁၃ လောက် ဖြစ်နိုင်ပါတယ်။ နှစ်ဆန်းပိုင်း ဇန်န၀ါရီ၊ ဖေဖော်ဝါရီလလောက်မှာ ဖြစ်နိုင်ပါတယ်” ဟု ထားဝယ်အထူးစီးပွားရေးဇုန် အထောက်အကူပြု လုပ်ငန်းအဖွဲ့ (ယာယီ) ဥက္ကဋ္ဌ ဦးတင်မောင်ဆွေက ပြောကြားသည်။
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကို EIA ပြုလုပ်ရာတွင် ထိုင်းနိုင်ငံမှ အဖွဲ့အစည်းသုံးခုကို အပိုင်းလိုက် ငှားရမ်းထားပြီး ရေနက်ဆိပ်ကမ်းကို Team Engineering Group ၊ မြန်မာ နှင့် ထိုင်းနိုင်ငံဆက်သွယ်မည့် ထားဝယ်-ကန်ချနဘူရီ လမ်းပိုင်းကို ချူလာလောင်ကွန်းတက္ကသိုလ်မှ Enviroment Research Institute၊ ကလုံးထာရေကာတာ စီမံကိန်းကို Pamya Consultant တို့ကို ငှားရမ်း ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သည် မြောက်ဘက်တွင် ရေဖြူမြို့နယ်၊ အရှေ့ဘက်တွင် ထားဝယ်မြစ်၊ ရေဖြူမြို့နယ်၊ တောင်ဘက်၌ လောင်းလုံမြို့နယ်နှင့် အနောက်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ထိစပ်လျက်ရှိပြီး ဧရိယာအကျယ်အ၀န်းမှာ ၂၅၀ စတုရန်းမီတာ (၉၇ စတုရန်းမိုင်) ဖြစ်သည်။
ထားဝယ်အထူးစီးပွားရေးဇုန်သည် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေအမှတ် (၈/၂၀၁၁)၊ ပုဒ်မ (၄)အရ အစိုးရအဖွဲ့က သတ်မှတ်ထားသော ဇုန်ဖြစ်သည်။ ယင်းဥပဒေအရ ထားဝယ်အထူးစီးပွားရေးဇုန်တွင် အဆင့်မြင့်နည်းပညာဇုန်များ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဇုန်များ၊ ပို့ကုန်ပစ္စည်း ထုတ်လုပ်မှုဇုန်များ၊ ဆိပ်ကမ်းနယ်မြေဇုန်များ၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးဇုန်များ၊ သိပ္ပံနှင့် နည်းပညာသုတေသန ဖွံ့ဖြိုးတိုးတက်ရေးဇုန်များ၊ ၀န်ဆောင်မှုလုပ်ငန်း ဇုန်များ၊ တစ်ဆင့်ခံကုန်သွယ်မှု ဇုန်များနှင့် အစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့်ဇုန်များ ပါဝင်သည်။
“ကျွန်တော်တို့ EIA၊SIA ဘာညာ ပြောကြတယ်။ EIA လိုဟာမျိုးက ဘာမှမလုပ်ခင်၊ စီမံကိန်းမှာ မြေပြင်မှာ ဘာမှမစခင်လုပ်ရတဲ့ process” ဟု ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှ သုတေသနပညာရှင် ဦးဇော်အောင်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပြုလုပ်သော စီမံကိန်းများ၌ စီမံကိန်းမပြုလုပ်မီ ကြိုတင်ပြုလုပ်ရသော သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဆိုင်ရာ လေ့လာဆန်းစစ်ချက် EIA ကို ကြိုတင်ပြုလုပ်ခြင်း မရှိခဲ့ဘဲ စီမံကိန်းစတင်ပြီး ချိန်တွင်မှသာ EIA ကို ပြုလုပ်ခြင်းများ ရှိခဲ့သည်။ လက်ရှိတွင် လုပ်ငန်းစတင်နေပြီဖြစ်သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း၊ လက်ပံတောင်းတောင် စီမံကိန်းတို့သည်လည်း စီမံကိန်းစတင်ပြီးမှ EIA ပြုလုပ်သော စီမံကိန်းများ ဖြစ်သည်။
“document တွေ စပြီးထွက်တာ ၂၀၁၀ အစောပိုင်းလောက်မှာ ပထမဆုံး document ထွက်တယ်။ အင်တာနက်ပေါ်မှာ စထွက်တဲ့အချိန် ဘယ်သူမှမသိဘူး။ ရွာသားတွေမသိဘူး။ ၂၀၀၈ ကတည်းက ဒီ survey ကိုလုပ်နေတာ။ ဒီစီမံကိန်းရဲ့ survey ကိုလုပ်၊ plan တွေဆွဲတာကို အကုန်လုံး လုပ်တယ်” ဟု ဦးဇော်အောင်က ပြောပါသည်။
“ထိုင်းကပဲ EIA နဲ့ပတ်သက်တဲ့ ပညာရှင်တွေက ဘာထောက်ပြသလဲဆိုတော့ ဒီလိုစီမံကိန်းကြီးကို သူတို့က ဒီလိုအပိုင်းပိုင်းနဲ့ လုပ်တဲ့ဟာ သူက road link တစ်ပိုင်းကိုပဲ လုပ်ရင် road link နဲ့ပတ်သက်တဲ့ဟာ ထွက်လာမယ်။ ကျန်တဲ့ဟာတွေ မပါတော့ဘူး။ စက်မှုဇုန်ဆိုရင် စက်မှုဇုန်နဲ့ ပတ်သက်တာပဲ။ ရေကာတာဆိုရင် ရေကာတာနဲ့ ပတ်သက်တာပဲ ထွက်လာမှာ” ဟု သုတေသနပညာရှင် ဦးဇော်အောင်က ဆိုပါသည်။
Labels:
Project Background