Thursday, January 31, 2013

ဒုတိယ ဝန်ကြီး ဦးဘုန်းဆွေ၏ ပြောကြားချက်အပေါ် ဒေသခံများနှင့် လူထုအဖွဲ့အစည်းများ ဆိုင်ကယ်စီး ချီတက်ပွဲ တခု ပြုလုပ်မည်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဘုန်းဆွေက “ထားဝယ်စီမံကိန်းကို လူထုအဖွဲ့အစည်းများက ဖျက်လို ဖျက်ဆီးလုပ်နေသောကြောင့် ပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့လိုကြောင်း” ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသွားခဲ့သည်။

ဦးဘုန်းဆွေ ပြောကြားချက်အပေါ် မကျေနပ်သောကြောင့် နဘုလယ်ကျေးရွာအုပ်စု ဒေသခံများနှင့် လူထုအခြေပြုအဖွဲ့အစည်းများ ပူးပေါင်းပြီး ဇန်နဝါရီလ ၃၀ ရက်နေ့ မနက် ၇ နာရီတွင် နဘုလယ်ကျေးရွာအုပ်စုမှ ရလိုင်ရွာ၊ ကလုံးထာရွာ၊ မရမ်းချောင်းရွာများသို့ ဆိုင်ကယ်စီး ချီတက်ခရီးသွားရောက်ကြမည် ဖြစ်ပြီး လူဦးရေ ၆၀ ဝန်းကျင်လောက် ပါဝင်မည်။

ထိုကျေးရွာများတွင် လူများစုရုံးပြီး လူမှုရေးစည်းရုံးပွဲများမှ စကားဝိုင်းများ ပြုလုပ်သွားမည်။ ထိုမှတဆင့် မယင်းကြီးရွာအနီး (ချာခန်းကမ်းခြေ) တွင် စခန်းချရပ်နားသွားမည်။

“ဒီခရီးစဉ်ကတော့ ဒေသခံပြည်သူတွေ အကြောက်တရားမလွှမ်းမိုးရအောင် ဗဟုသုတ ပညာပေးတဲ့ ဟောပြောပွဲ လုပ်ဆောင်တဲ့ ခရီးစဉ်ဖြစ်တယ်။ ဒေသခံတွေ ရှေ့ဆက်ပြီး အကြောက်တရားကင်းပြီး ရပ်ရွာအကျိုးကို အကောင်းဆုံး လုပ်ဆောင်သွားနိုင်ဖို့ အင်အားဖြည့်ဆည်းပေးတာ ဖြစ်တယ်။ အပြင်က လူတွေက အင်အားသုံးပြီး ဖိနှိပ်တာကို အဝင်မခံလိုတဲ့ ဆန္ဒကြောင့် အခုလို ချီတက်ဆန္ဒထုတ်ဖော်တယ်လို့ မြင်တယ်” ဟု မယင်းကြီး ကျောင်းထိုင် ဆရာတော် ဦးသြဘာသက မိန့်ကြားခဲ့သည်။

ခရီးစဉ်ကို နဘုလယ်ကျေးရွာအုပ်စုဒေသမှ ရလိုင်ရွာ၊ ကလုံးထာရွာ၊ မရမ်းချောင်းရွာနှင့် အရှေ့တော ကရင်ရွာသူရွာသားတွေနှင့် ပူးပေါင်းပြီး ကလုံးထာရွာတွင် ညအိပ်စခန်းချမည် ဖြစ်ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်တွင် ကလုံးထာရွာမှ မယင်းကြီးရွာအနီး ချာခန်းကမ်းခြေတွင် စခန်းချပြီး ခရီးရပ်နားတဲ့ နေရာများတွင် စကားပြောဆိုသွားမည်။

ဆိုင်ကယ်စီး ချီတက်ပွဲတွင် ပါဝင်သူ ဒေသခံတဦးက “ဒေသခံတွေကတော့ ရပိုင်ခွင့်ရှိသလောက် လုပ်ဆောင်သွားမယ်။ ကျနော်တို့ စာနဲ့ ပေနဲ့လည်း အလှမ်းဝေးတယ်။ သတင်းမီဒီယာတွေနဲ့လည်း အလှမ်းဝေးတယ်။ အခုလိုမျိုး အရပ်အဖွဲ့အစည်းတွေကြောင့်ပဲ ကျနော်တို့ အသိအမြင်တွေ ပွင့်လင်းလာတယ်။ အဲဒါကြောင့် ဝမ်းလည်း ဝမ်းသာတယ်။ ကြိုလည်း ကြိုဆိုတယ်။ ကျနော်တို့ ရွာသားတွေက ဘာမှ မသိကြဘူး။ အဲဒါကြောင့် ခြိမ်းခြောက်ခံနေရတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အခက်အခဲတွေကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ်” ဟု ရှင်းပြသည်။