Thursday, January 31, 2013

ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့မှ ထားဝယ်ရေနက်ဆိပ်ကမ်းအထိ စက်ဘီးဖြင့် ၁၀ရက်ခရီးသွားမည်

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့မှ ထားဝယ်ရေနက်ဆိပ်ကမ်းအထိ စက်ဘီးဖြင့် ခရီးသွားမည်ဖြစ်ကြောင်း ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သိရှိရသည်။

''ရန်ကုန်ကနေ ထားဝယ်အထိကို စက်ဘီးစီးပြီး သွားကြမှာပါ။  ၁၀ရက်ခရီးစဉ်အဖြစ် သတ်မှတ်ထားပါတယ်။ လမ်းမှာ ညအိပ်ရပ်နားမယ့် မြို့တွေမှာ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး လက်ကမ်းစာစောင်တွေ ဝေငှပြီးတော့ ဆွေးနွေးမှုတွေလည်း ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ လောလောဆယ်တော့ အခု စက်ဘီးစီးမယ့် ခရီးစဉ်မှာ ၁၄ဦးပါဝင်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်ကို Green Bike အဖွဲ့က စီစဉ်တာပါ'' ဟုလည်း အဆိုပါစက်ဘီးစီးမယ့် ခရီးစဉ်မှ တာဝန်ရှိသူ ကိုသက်နိုင်က ပြောကြားခဲ့သည်။

ရန်ကုန်မြို့မှ ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၃ရက်နေ့တွင် ထားဝယ်သို့ ရောက်ရှိမည်ဖြစ်ကာ ထားဝယ်မှ ရန်ကုန်သို့ ကားဖြင့် ပြန်လည် ထွက်ခွာလာမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

အဆိုပါခရီးစဉ်ကို ဇန်န၀ါရီလ ၂၅ရက်နေ့တွင် ရန်ကုန်မှ ကျိုက်ထိုအထိ(မိုင်၁၀၀)၊ ၂၆ရက်နေ့တွင် ကျိုက်ထိုမှ သံဖြူဇရပ်(မိုင်၁၀၀)၊ ၂၈ရက်နေ့တွင် သံဖြူဇရပ်မှ ရေးမြို့(၅၈မိုင်)၊ ၂၉ရက်နေ့တွင် ရေးမြို့မှ မရမ်းချောင်းရွာ(၄၂မိုင်)၊ ၃၀ရက် နေ့တွင် မရမ်းချောင်းရွာမှ ထားဝယ်မြို့(၅၈မိုင်)အထိ သွားရောက်ပြီး ၃၁ရက်နှင့် ဖေဖော်ဝါရီလ ၁ရက်နေ့များတွင် ဒေသခံများနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။